ပင်းတယမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ

 

          ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသော သစ်သီးဝလံ အခြေခံစားသောက်ကုန် ထုတ်လုပ်နည်းအခမဲ့သင်တန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့တွင် မြို့လယ်ဓမ္မာရုံ ပတ္တမြားခန်းမတွင် ဇန်နဝါရီလ ၅ ရက်နေ့အထိ  အခမဲ့သင်တန်းပို့ချ၍ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးအောင်မှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် ကုန်သည်လုပ်ငန်းရှင်များ မှ လိုက်နာရမည့် ကျင့်ဝတ်များ ဥပဒေပါပြဌာန်းချက်များကို အကျယ် တဝင့် ဆွေးနွေးပြောကြားသွားခဲ့ပါသည်။ စားသုံးသူများ နစ်နာမှုရှိခြင်းကြောင့် တိုင်ကြားလာပါကလည်း ဥပဒေအရ အရေးယူနိုင်ရန် ရှမ်းပြည်နယ်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ စားသုံးသူသည် မိမိ၏ နစ်နာမှုအတွက်  တရားဝင်ကြောင်းမှလည်း တရားစွဲ ဆိုနိုင်ပါကြောင်း၊ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပြဌာန်းချက်ပါ ပုဒ်မတစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း  ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်  ထောင်ဒဏ်ဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ  ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်းကို လည်း ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ စံချိန်စံနှုန်းမညီသော လူသုံးကုန်၊ အိမ်သုံးပစ္စည်းများကို ဝယ်ယူ သုံးစွဲခြင်းကြောင့် မိမိ မိသားစုနှင့် ပတ်ဝန်းကျင်ကို ဘေးဥပဒ်အန္တရာယ်များဖြစ်စေနိုင်ကြောင်း၊ မိမိတို့အိမ်တွင် သုံးစွဲနေသော လူသုံးကုန်၊  အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ကား၊ ဆိုင်ကယ်အစ ရှိသည့်စက်ပစ္စည်းများ အရည်အသွေး မပြည့်မီပါက မိမိ၏ မိသားစုနှင့် အိမ်နီးချင်း ပတ်ဝန်းကျင်ကို အန္တရာယ် ကျရောက်စေနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မျိုးရိုးဗီဇပြုပြင်ထားသော ဟင်းသီးဟင်းရွက်များကို နှစ်ချိုက်စွာ စားသုံးခြင်း၊ ပိုးသတ်ဆေး နှင့် ဓါတ်မြေဩဇာများ အလွန်အကျွံအသုံးပြုစိုက်ပျိုးထုတ်လုပ်ထားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို လွန်ကဲစွာစားသုံးခြင်းမပြုရန် တိုက်တွန်းပြောကြားသွားပါသည်။ စားသုံးသူများ အနေဖြင့်လည်း ဝန်ဆောင်မှု ကတိပြုချက်များကိုအမှန်တကယ် ဆောင်ရွက်မှု မရှိသည့် လိမ်လည် လှည့်စားသော ကြော်ငြာများကို အထူးသတိထားရန်နှင့် ပစ္စည်းရောင်းချရာတွင် အခမဲ့ဝန်ဆောင်မှု ပေးမည်ဟု ကြော်ငြာ၍ ရောင်းချသော်လည်း After Sale -Service မရရှိဘဲ နစ်နာလျက်ရှိသည့်အပြင် စားသုံးသူ ပေးရသည့် တန်ဖိုးနှင့် ကိုက်ညီမှုမရှိသော ဝန်ဆောင်မှုများကြောင့် စားသုံးသူများအနေဖြင့် နစ်နာမှုမရှိစေရေးအတွက် သတိပြုကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့ပြင် FDA မှ တာဝန်ရှိသူများမှလည်း ကျန်းမာရေးနှင့် မညီညွတ်သော ဓါတုဆိုးဆေးများ အသုံးပြုထားသည့်  သစ်သီးဝလံများနှင့် အခြားစားသောက်ကုန်များ စားသောက်ခြင်းကြောင့် ကင်ဆာရောဂါ အစရှိသည့် ရောဂါများ ရရှိစေနိုင်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် ဂရုတစိုက် စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူ စားသောက်ရန် နှင့် ဆိုးဆေးပါသည့် စားသောက်ကုန်များကို ရှောင်ကြဉ်နိုင်ကြစေရန် တိုက်တွန်းဆွေးနွေး သွားပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအား ပြည်နယ်၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းသူ သင်တန်းသား စုစုပေါင်း ၅၂ ဦး ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

                                                                                                                                                         စိုးအောင် (ရှမ်းပြည်နယ်)