ကလေးဝမြို့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း ဟောပြောပွဲများ ကျင်းပ

 

          ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူ အကာအကွယ်ပေးရေး ပညာပေးဟောပြောပွဲများကို တိုင်းဒေသကြီးအတွင်း မြို့ပြများနှင့် ကျေးရွာ နေရာအနှံ့အပြားတွင် ကျင်းပ ပညာပေးလျက်ရှိရာ  ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၃) ရက်နေ့တွင် ကလေးခရိုင်၊ ကလေးဝမြို့တွင် နေရာ ၂ နေရာ၌ ကျင်းပခဲ့ပါသည်။ ဟောပြောပွဲ ပထမပွဲစဉ်အဖြစ် ကလေးဝမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ နံနက် ၁၀းဝဝချိန်တွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးကိုယ်စား လက်ထောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှမြင့်က အဖွင့်အမှာစကား ပြောကြားပါသည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသစ်လွင်မှ ဈေးများ၊ ကျောင်းများ၊ ဈေးဆိုင်များတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရောင်းချနိုင်ရေး၊ သက်တမ်းလွန် စားသောက်ကုန် များ ရောင်းချမှု မရှိစေရေး ဆောင်ရွက်ပညာပေးနေမှုများ အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာ ဌာနမှ ဦးစီးမှူး ဦးသောင်းကြိုင်က စားသုံးသူအကာအကွယ်ပေးရေးအကြောင်းများကို ရှင်းလင်းပြောကြားရာတွင် စားသုံးသူ ဆိုသည့် စကားရပ်၏ အဓိပ္ပါယ်၊ ခေတ်အလိုက် ပြောင်းလဲလာသည့်အနေအထိုင်အစားအသောက်များ နှင့်ဓာတုဗေဒ ဖြင့် ပြုပြင်ထားသည့် စားသောက်ကုန်များကို စားသောက်နေရသည့် မြန်မာ့စားသုံးသူများ၏ ကင်ဆာဖြစ်ပွားမှုသည် အာရှတွင် ကင်ဆာဖြစ်ပွားမှုအများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိနေရပါကြောင်း၊ စားသောက်ကုန်များတွင် ပြည်တွင်းမှ ထုတ်လုပ်သည့် ဓာတုဗေဒ ဆေးဝါးနှင့် ပိုးသတ်ဆေးအသုံးပြု ထားသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ ကြီးထွားဆေး ဟိုမုန်းများသုံးစွဲထားသည့် အသားနှင့်ငါး၊ ယင်ကောင် ကင်းမဲ့နေသည့် ငါးပိငါးခြောက်ဈေးတန်း စသည့် အစားအသောက်များသာမက ပြည်ပမှဝင်ရောက်လာသည့် ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်မပါသော မုန့်များ၊  အေးခဲ ကြက်သား၊ ပင်လယ်စာများ၊ မူမမှန်စားဆီ၊ ပြန်ကြော်ဆီများ၊ ဆိုးဆေးပါသော အစားအစာ၊ လက်ဖက်ရည်၊ လက်ဖက်များကြောင့် စားသုံးသူများ၏ ခန္ဓာကိုယ်အတွင်း အင်္ဂါများတွင် ဓာတုပစ္စည်းများရောက်ရှိလျက် ကင်ဆာရောဂါ ဖြစ်ပွားရခြင်းများ၊ စံချိန်စံညွှန်းနှင့် မညီသည့် ကုန်စည်များနှင့် မမှန်ကန်သည့် ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာရ မှုများအကြောင်း ဟောပြောပါသည်။ ယင်းနောက် စားသုံးသူ၏ ရရှိပိုင်ဆိုင်သည့် အခွင့်အရေးများအကြောင်းကို ရှင်းလင်း ပြောကြားပြီးနောက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အကြောင်းတို့ကို ပြည့်စုံစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမ ၄၅ ဦး ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ ၁၄၀၇ ဦး၊ စုစုပေါင်း ၁၄၅၂ ဦး တက်ရောက်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင် ၅၀ဝ စောင် ဖြန့်ဝေခဲ့ပြီး နေ့လည် ၁၁း၃၀ ချိန်တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

   အလားတူပင် ကလေးဝမြို့ရှိ အမှတ်(၁) မူလတန်းလွန် ကျောင်း၌လည်းစားသုံးသူအကာအကွယ် ပေးရေးအကြောင်း သိကောင်းစရာဟောပြောပွဲကို ယင်းနေ့ နေ့လည် ၁၃းဝ၀ ချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးဦးဌေး က အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဌာနမှ ဦးသောင်းကြိုင်က တက်ရောက်သူ ဆရာ၊ ဆရာမ (၁၄) ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၀ဝ ဦး၊ စုစုပေါင်း ၃၁၄ ဦးသို့ စားသုံးသူ အကာအကွယ်ပေး ရေးအကြောင်းများ ရှင်းလင်းဟောပြောခဲ့ပြီး လက်ကမ်းစာစောင် ၁၅၀ စောင် ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

                စစ်ကိုင်းတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနသည်  ကလေးခရိုင် အတွင်းရှိ ကလေးမြို့၊ ကလေးဝမြို့၊ တမူးမြို့နှင့် မင်းကင်းမြို့များတွင် စားသုံးသူအကာအကွယ်ပေးရေး အကြောင်း လှည့်လည် ပညာပေးဟောပြောလျက်ရှိပြီး ယခုကလေးဝမြို့နယ်သို့ဒုတိယအကြိမ်မြောက် ဟောပြောပွဲကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။                                                   ဆက်လက်၍ပညာပေးဟောပြောပွဲများကိုစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိကျန်ရှိမြို့နယ်များအားလုံးတွင်ဌာန၏မူလလျာထား ချက်များအတိုင်း    ပြည့်မီစွာဆောင်ရွက်ကျင်းပနိုင်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

        

သိန်းစိုးသစ်