ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူအကာအကွယ်ပေးရေး အကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ

 

               စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို စားသုံးသူပြည်သူများသိရှိအောင် မြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁းဝ၀ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဗြဟ္မစိုရ်ခန်းမတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်း စရာများ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

        ဟောပြောဆွေးနွေးပွဲတွင် ခရမ်းမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းက စားသုံးသူ ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကိုကာကွယ်ပေးရန် အခန်း(၁၂)ခန်း၊ ပုဒ်မ(၃၁)ခုပါရှိသည့် စားသုံးသူ အကာ အကွယ်ပေးရေးဥပဒေကို ပြဌာန်းပြီးဖြစ်ကြောင်း၊ စားသုံးသူများ၏ အကြောင်းအရာ၊ အမျိုးအစားအလိုက် စားသုံးမှု၊ သုံးစွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများဖြင့် ဖွဲ့စည်းထားသည့် စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ စားသုံးသူများ၏ အငြင်းပွားမှု ကို ဖြေရှင်း ဆောင်ရွက်ပေးမည့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ စားသုံးသူများ၏ တိုင်ကြားစာကို လက်ခံခြင်း ၊ ညှိနှိုင်းပေးခြင်းတို့ကိုဆောင်ရွက်ပေးမည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် လုံခြုံစိတ်ချရသောပစ္စည်းများရွေးချယ်ဝယ်ယူနိုင်ရန် အကြံဉာဏ် များ ပေးခြင်း၊ ပြည်တွင်း/ပြည်ပမှ ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးမည့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ရရှိသင့်သည့် အခွင့်အရေးများကို ဥပဒေနှင့်အညီရယူနိုင်ရန်နှင့် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို လိုက်နာ ဆောင်ရွက်နိုင်ရန် စားသုံးသူအခွင့်အရေး၊ တာဝန်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ခရမ်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောသူရိန်က ပြည်သူများ အသက်ရှည်၊အနာရောဂါကင်း၊ ချို့ယွင်းချက်နည်းပါးစွာဖြင့်နေထိုင်နိုင်ရန်အရည်အသွေး ပြည့်ဝသည့်အစားအစာများကို ရွေးချယ် စားသုံးရန်လိုကြောင်း၊ ပြည်ပထုတ်ကုန်ပစ္စည်းများ  နှင့် ပြည်တွင်းထုတ်ကုန် ပစ္စည်းများတွင် ထောက်ခံချက်ပါရှိသည်များကို စားသုံးရန်လိုကြောင်း၊ တရားမဝင်ဆေးဝါး၊ ထိန်းချုပ်ဆေးဝါး၊ ဆေးဝါးအတုများ၊ စပ်ဆေးများရောင်းချခြင်းမပြုရန် စစ်ဆေးကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယနေ့ အချိန်တွင်စားသုံးသူပြည်သူများအခွင့်အရေး  အပြည့်အဝမရရှိလျှင် စစ်ဆေးဖြေရှင်းဆောင်ရွက်ပေးမည့် ဌာနနှင့် ဥပဒေပေါ်ပေါက်လာ၍ မကျေနပ်မှုများကို တိုင်ကြား နိုင်ခွင့်ရှိလာပြီ ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

      ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာသူတစ်ဦးမှ  အချို့အစားအစာများတွင် ဘေးဥပဒ်အန္တရာယ် ဖြစ်နိုင်သည်များကို မျက်မြင်အခြေအနေကြည့်ရှု၍ တွေ့မြင်နိုင်သော်လည်း ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များ တွင်ဓါတုဆိုးဆေးများအသုံးပြုထားခြင်းရှိ/မရှိကို မျက်မြင်အခြေအနေနှင့် ကြည့်ရှုဆုံးဖြတ်၍မရနိုင်သဖြင့် နမူနာ ရယူပြီး ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှသာ စားသုံးရန် သင့်/မသင့်ကို သိရှိနိုင်မည်ဖြစ်ကြောင်းနှင့်  တရားဝင်တင်သွင်း သည့်ပစ္စည်းများကိုသာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ပါသည်။

             ဟောပြောဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

                                                        

                                                                                                                                               

                                                                                                                              မိုးမိုးကြည် (စားသုံးသူ) ရန်ကုန်