စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဌာနဝန်ထမ်းများအား ကွန်ပျူတာ အခြေခံနှင့် ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ပို့ချ

 

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှ စတင်၍ ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါကွန်ပျူတာအခြေခံသင်တန်းအား မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်းမှ ထုတ်ဝေခဲ့သော လက်စွဲစာအုပ်များကို အခြေခံ၍ဦးစီးအရာရှိ ဦးသိန်းစိုးမှ ရုံးချိန်ပြင်ပ သင်ကြားပို့ချခြင်း ဖြစ်ပါသည်။ အခြေခံကွန်ပျူတာသင်တန်းသင်ကြားနေစဉ်အတွင်း ကွန်ပျူတာနှင့်အတူ ပူးတွဲဆက်စပ် လုပ်ကိုင်သောပညာရပ်များဖြစ်သည့် ှ Scanner ဖတ်ခြင်း၊ Camera နှင့် ဆက်စပ်ပစ္စည်းများမှ Data Transfer ပြုလုပ် E-Mail အပို့အယူကိစ္စရပ်များကိုပါ ပူးတွဲသင်ကြား သွားမည်ဖြစ်ပါသည်။သင်တန်းကာလသတ်မှတ်ထားသော်လည်း ဝန်ထမ်းများ အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်လျက် စနစ်တကျအသေးစိတ်သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

          ကွန်ပျူတာဖြင့် စာစီစာရိုက်သင်ခန်းစာ ဖြစ်သည့် Microsoft Word သင်ခန်းစာ စတင်သင်ကြားသည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မှစတင်၍ ရုံးစာရေးသားနည်း သင်တန်းကိုပါ ပူးတွဲပို့ချလျက်ရှိပါသည်။ ရုံးစာ ရေးသားနည်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေခဲ့သည့် ရုံးလုပ်ငန်း လက်စွဲစာအုပ်ဖြင့် သင်ကြားသွားမည်ဖြစ်ပြီး ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်သဖြင့် ကွန်ပျူတာသင်တန်းတက်ရောက်သူများသာမက ကျန်ရုံးဝန်ထမ်းများပါ တက်ရောက်ကြသဖြင့် စုစုပေါင်း သင်တန်းသားဦးရေ (၁၉) ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။

         

                                                                                                                                                           နှင်းနှင်းခိုင် (မုံရွာ)