ပုံမှန်တင်ပို့တင်သွင်းနေရုံနဲ့ မရဘဲ တစ်ဖက်နိုင်ငံရှိ ကုန်သည်များနဲ့ ချိတ်ဆက်၍ ဈေးကွက်တိုးချဲ့ရန်လို

 

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလထိ ကုန်သွယ်မှုပမာဏ ၃၃၃ ဒသမ ၇၉၉ သန်း ဆောင်ရွက်ခဲ့ပြီး လျာထားချက်အပေါ် ၁၃၉ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်တဲ့အတွက် လျာထားချက်ထက်ကျော်လွန်ဆောင်ရွက်နိုင်တဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ ယခု ဇန်နဝါရီလမှာတော့ လျာထားချက်အပေါ် ၈၇ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ပြီး အနီးစပ်ဆုံး ကာလနဲ့ နှိုင်းယှဉ်လျှင် ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၆ သန်းကျော်လျော့နည်းဆောင်ရွက်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ကုန်သွယ်မှု  ပမာဏများပြားလာနိုင်သဖြင့် လျာထားချက် များကိုလည်း  ပိုမိုတိုးမြှင့်လျာထားခံရတဲ့ စခန်းတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီအလိုက် လျာထားချက်များလည်း ပေးအပ်ထားပြီး ဖြစ်ရာ ကုမ္ပဏီများအနေနဲ့ ပုံမှန်တင်သွင်းတင်ပို့နေရုံနဲ့မရဘဲ တစ်ဖက်နိုင်ငံကုန်သည်များနဲ့ ချိတ်ဆက်ပြီး ဈေးကွက်များ တိုးချဲ့ခြင်း၊ ဈေးကွက်အသစ်ရှာဖွေခြင်းများ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဇန်နဝါရီလအတွက် ပြုလုပ်တဲ့  ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံက တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်း ရရှိပါတယ်။ ကုန်သွယ်မှုလျာထား ချက်ပြည့်မီရေးအတွက် ပိုမိုတင်ပို့တင်သွင်းရန် လိုအပ်သလို OSS ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန်နဲ့ ကုန်သည်လုပ်ငန်းရှင်များကလည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ မိမိဘက်ဈေးကွက် မပျောက် ဆုံးရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

                                                                                                                                                              MIRT (DCCA)