ဈေးကွက်သစ်များကြောင့် အီဂျစ်၊ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် တန်ချိန် ၅.၈ သန်း ကျော်ခဲ့

 

ယခုနှစ်တွင်း အီဂျစ်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် တန်ချိန် ၅.၈ သန်း ကျော်ခဲ့ကြောင်း၊ အီဂျစ်ထုတ်ကုန်များကို ကမ္ဘာအနှံ့ဝယ်လိုအားမြင့်တက်လာမှုနှင့် နိုင်ငံတကာဈေးကွက်ချဲ့ထွင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို အီဂျစ်၊ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီး H.E. Mr.Alaa Farouk က ပြောကြားခဲ့သည်။

အပင်ပိုးမွှားကာကွယ်ရေးဌာန၏ အစီရင်ခံစာအရ ရှောက်သီး၊ လိမ္မော်သီးမျိုးနွယ်ဝင် အသီးအနှံများ (citrus fruits) တင်ပို့မှုသည် တန်ချိန် ၂.၂ သန်းကျော်ဖြင့် စံချိန်တင်အမြင့်ဆုံးဖြစ်ပြီး ၎င်းနောက်တွင် အာလူး တန်ချိန် ၉၀၈,၀၀၀ ကျော်၊ ကန်စွန်းဥ တန်ချိန် ၂၁၈,၀၀၀ခန့်၊ စပျစ်သီး တန်ချိန် ၁၄၇,၀၀၀ကျော်၊ ပဲစိမ်းနှင့် ပဲခြောက် တန်ချိန် ၁၂၅,၀၀၀ ခန့်၊ ကြက်သွန်နီ တန်ချိန် ၁၂၃,၀၀၀ကျော်၊ စတော်ဘယ်ရီ တန်ချိန် ၃၉,၀၀၀ကျော်၊ ကြက်သွန်ဖြူ တန်ချိန် ၃၄,၀၀၀ နီးပါးရှိပြီး၊ မာလကာသီးနှင့် သလဲသီးများလည်း အများအပြားတင်ပို့ခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနသည် အပင်ပိုးမွှားရောဂါ ကာကွယ်ရေးဌာနအပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နိုင်ငံတကာဈေးကွက်သစ်များ ဖော်ဆောင်ရန်နှင့် တင်းကျပ်သော သွင်းကုန်သတ်မှတ်ချက်များနှင့် ကိုက်ညီရန် ဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ အီဂျစ်လယ်ယာပို့ကုန်တိုးတက်လာခြင်းမှာ နိုင်ငံ၏ စောင့်ကြည့်စစ်ဆေးမှုနှင့် ထုတ်ကုန်နောက်ကြောင်း ခြေရာခံစနစ်များအပေါ် နိုင်ငံတကာ၏ယုံကြည်မှု ပိုမိုမြင့်မားလာခြင်းကြောင့်ဖြစ်ပြီး အီဂျစ်စိုက်ပျိုးရေးထွက်ကုန်များသည် နိုင်ငံတကာဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း ဝန်ကြီး Alaa Farouk က ပြောကြားခဲ့သည်။

ရင်းမြစ်။        https://sis.gov.eg/en/