အတုအပများအား ထိန်းချုပ်ရန် ဂျပန်နိုင်ငံ၏ လက်ဖက်ခြောက်၊ ဆာကေး၊ ငါးရှဉ့်နှင့် ကြာစွယ်တို့ကို ဒေသဆိုင်ရာအညွှန်း (Geographical Indication - GI) စနစ်အောက်တွင် မှတ်ပုံတင်

 

ပြည်ပနိုင်ငံများတွင် စိုက်ပျိုးရေးနှင့်ရေထွက်ကုန်အတုများ ပျံ့နှံ့နေမှုကြောင့် လက်ဖက်ခြောက်အပါအဝင် ဂျပန်ထုတ်ကုန် ၃ မျိုးကို ဒေသဆိုင်ရာအညွှန်း (Geographical Indication - GI) စနစ်အောက်၌ မှတ်ပုံတင်ထားကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ မှတ်ပုံတင်ထားခြင်းကြောင့် မိမိတို့ကုန်စည်များကို GI အမှတ်အသားဖြင့် ရောင်းချနိုင်ကာ အခြားကုန်စည်များ၏ တံဆိပ်မှားကပ်ခြင်းနှင့် စည်းကမ်းချိုးဖောက်ခြင်းများကို အစိုးရမှ ထိရောက်စွာနှိမ်နင်းနိုင်မည် ဖြစ်သည်။

ဂျပန်လက်ဖက်ခြောက်တွင် ဂျပန်၏ မည်သည့်ဒေသတွင်မဆို စိုက်ပျိုးထုတ်လုပ်သည့် လက်ဖက်စိမ်း အားလုံးအကျုံးဝင်ပါသည်။ နောက်ထပ် GI စနစ် အကာအကွယ်ယူထားသည့်ကုန်စည်မှာ အခွန်ဌာနမှ ကြီးကြပ်သည့် ဆာကေးအရက်၊ ဂျပန်နိုင်ငံအလယ်ပိုင်း Shizuoka ပြည်နယ်မှ ထုတ်လုပ်သည့် Lake Hamanako ငါးရှဉ့် နှင့် Ishikawa ပြည်နယ်မှ ထုတ်လုပ်သည့် Kaga ကြာစွယ်တို့လည်း ပါဝင်သည်။

လက်ဖက်စိမ်းမှာ နိုင်ငံတကာတွင် လူကြိုက်များသည့်အတွက် ဂျပန်ထုတ်နှင့် အခြားနိုင်ငံထုတ်တို့အကြား ကွဲပြားမှုကို သိရှိစေရန်နှင့် ပြည်ပထုတ်လက်ဖက်ခြောက်မှာ ၎င်းတို့တန်ဖိုးတက်စေရန် တုပထားခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်လက်ဖက်ခြောက်အတွက် GI လျှောက်ထားမှုကို တိုကျိုအခြေစိုက် Japan Tea Central Public Interest Incorporated Association က ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုမှတ်ပုံတင်ခြင်းသည် ဂျပန်လက်ဖက်ခြောက်၏ ကုန်အမှတ်တံဆိပ်တန်ဖိုးကိုမြှင့်တင်ရန်၊ အတုအပထုတ်ကုန်များအပေါ် အရေးယူဆောင်ရွက်မှုများကို အားကောင်းစေရန်နှင့် ပို့ကုန်ကဏ္ဍ ပိုမိုမြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Norikazu Suzuki က သောကြာနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်၏ စိုက်ပျိုးရေးနှင့်ရေထွက်ကုန်များအား GI လျှောက်ထားခြင်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုအခါ ကုန်စည်စုစုပေါင်း ၁၇၀ အား မှတ်ပုံတင်ထားပြီးဖြစ်သည်။ ယခင်ကတည်းက GI မှတ်ပုံတင်ထားသော လက်ဖက်ခြောက်များမှာ Shizuoka ခရိုင်မှ Kikugawa လက်ဖက်စိမ်းလှော်နှင့် Fukuoka ခရိုင်မှ Yamegyokuro လက်ဖက်စိမ်းတို့ဖြစ်ကြသည်။ အလားတူ GI လျှောက်ထားခြင်းကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း၁၀၀ကျော်တွင် ကျင့်သုံးလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံသည် GI ရရှိထားသော ထုတ်ကုန်များကို မိတ်ဖက်နိုင်ငံများတွင် အကာအကွယ်ရရှိရန်နှင့် ပြည်ပဈေးကွက်များ၌ ယုံကြည်မှု ပိုမိုရရှိစေရန် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့နှင့် အပြန်အလှန်ပေးရေး သဘောတူညီချက်များ ဆောင်ရွက်ထားပြီးကြောင်း သိရှိရပါသည်။

ရင်းမြစ်။ https://mainichi.jp/english/