အိန္ဒိယ၏ ငရုတ်သီးပို့ကုန်ကို တရုတ်ကပိတ်ပင်လိုက်ရာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်မှ ပို့ကုန်လုပ်ငန်းရှင်များနှင့် တောင်သူများစိုးရိမ်မှုမြင့်တက်

 

အိန္ဒိယ၊ ငရုတ်သီးပို့ကုန်တွင် Methamidophos ပိုးသတ်ဆေးပါဝင်နေသဖြင့် တရုတ်ကပိတ်ပင်လိုက်ရာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်မှ ပို့ကုန်လုပ်ငန်းရှင်များက စိုးရိမ်ခဲ့ကြပြီး အစိုးရအနေဖြင့် ပိုးသတ်ဆေးကင်းစင်သော ထုတ်လုပ်မှုများဖြစ်စေရန် မိုးတွင်းစိုက်ပျိုးရာသီမတိုင်မီ စောင့်ကြည့်ထိန်းချုပ်ရေး ယန္တရားများ ပိုမိုခိုင်မာအားကောင်းစေရန်နှင့် သိပ္ပံနည်းကျပိုးသတ်ဆေး အသုံးပြုမှုကိုမြှင့်တင်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

အိန္ဒိယ၊ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့ (Spices Board) က ပို့ကုန်အရည်အသွေးတိုးတက်စေရန် လယ်သမားများအတွက် ရိတ်သိမ်းချိန်လွန် ကုန်ပစ္စည်းအရည်အသွေးမြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းတည်ထောင်ထားသည့် နိုင်ငံတကာအသိအမှတ်ပြု အစားအစာစံချိန်စံညွှန်း Codex Alimentarius က ဟင်းခတ်အမွှေးအကြိုင်တစ်ကီလိုဂရမ်တွင် Methamidophos ပိုးသတ်ဆေးအကြွင်းအကျန် ပါဝင်ခွင့် အမြင့်ဆုံးပမာဏ (Maximum Residue Limit - MRL) မှာ ၀.၁ မီလီဂရမ် (0.1 mg/kg) ဟု သတ်မှတ်ထားပါသည်။ သို့သော် ကောင်းမွန်သော လယ်ယာထုတ်လုပ်မှုနည်းလမ်းများ (Good Agricultural Practices) များအရ ထုတ်လုပ်ရန်လည်း လိုအပ်ပါသည်။

အိန္ဒိယ၊ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်ကနိုင်ငံများသည် ပြည်တွင်းလိုအပ်ချက်အရ စံချိန်စံနှုန်းများ မတူညီကြရာ အိန္ဒိယငရုတ်ပို့ကုန်အပေါ် တရုတ်၏ပိတ်ပင်မှုမှာ တရားဝင်အကြောင်းကြားစာ မရသေး၍ မှတ်ချက်မပြုလိုကြောင်း၊ သို့သော် တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ ပိုးသတ်ဆေးအသုံးပြုသင့်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း၏ အကြီးဆုံးငရုတ်သီးကုန်စည်ဒိုင်ဖြစ်သည့် Guntur လယ်ယာဈေးကွက် ကော်မတီကလည်း လယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံပြီး ပိုးသတ်ဆေးကြွင်းကင်းစင်သည့် ငရုတ်သီးထုတ်လုပ်ရန် အသိပညာပေးခဲ့ပြီး တရုတ်ကပိတ်ပင်ခဲ့သည့် ငရုတ်သီး ပို့ကုန်မှာ မည်သည့်ဒေသက ထုတ်လုပ်ခဲ့သည်ကို မသိရှိသေးကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ၊ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့၏ အချက်အလက်များအရ အိန္ဒိယသည် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ငရုတ်သီးတန်ချိန် ၁၇.၉၉ သိန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၄.၇၂ ဘီလီယံတင်ပို့ခဲ့ပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် တင်ပို့မှုပမာဏ ၄ % လျော့နည်း၍ တန်ချိန် ၁၇.၃၄သိန်း၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၄.၄၃ ဘီလီယံ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

ငရုတ်သီးသည် အိန္ဒိယ၊ ဟင်းခတ်အမွှေးအကြိုင် ပို့ကုန်ရငွေတွင် ၂၇ % ပါဝင်ကာ အဓိကပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်းနောက်တွင် ဇီရာနှင့် ဟင်းခတ်အမွှေးအကြိုင်ဆီတို့က ၁၂ % စီဖြင့် ဒုတိယနေရာတွင်ရှိကြောင်း၊ အိန္ဒိယ၊ ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု စုစုပေါင်း၏ ၁၂ % ကို တရုတ်က ဝယ်ယူနေပြီး အိန္ဒိယအတွက် အမေရိကန်ပြီးလျှင် ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းမြစ်။        https://www.thehindu.com/