အာဆီယံ၏ ဆန်ထုတ်လုပ်မှုတွင် ဦးဆောင်နေပြီး ကမ္ဘာ့အဆင့် ၄ နေရာ၌ ရပ်တည်နေသည့် အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ဆန်ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့အဆင့်တွင်လည်း အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်တို့ပြီးလျှင် စတုတ္ထမြောက် အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်လာကြောင်း အင်ဒိုနီးရှား၊ အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) ၏ အကြီးအကဲ Andi Amran Sulaiman က ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြောကြားခဲ့သည်။
ကမ္ဘာ့ထိပ်တန်းဆန်ထုတ်လုပ်သည့် ၄ နိုင်ငံအနက် တရုတ်နှင့် အင်ဒိုနီးရှားတို့သာ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၅ - ၂၀၂၆ နှင့် ၂၀၂၄ - ၂၀၂၅ ထုတ်လုပ်မှုများကို နှိုင်းယှဉ်ပါက အင်ဒိုနီးရှားသည် ဆန်တန်ချိန် ၄ သန်းကျော်အထိ တိုးတက် ထုတ်လုပ်ခဲ့ပြီး အိန္ဒိယ (၁.၇ သန်း)၊ ဘရာဇီး (၁.၅ သန်း) နှင့် ဘင်္ဂလားဒေ့ရှ် (၁.၁ သန်း) တို့ထက် ပိုမိုများပြားကြောင်း သိရှိရပါသည်။
FAO ၏ ၂၀၂၆ ခုနှစ်၊ ဇွန်လထုတ် Food Outlook အစီရင်ခံစာအရ အင်ဒိုနီးရှားသည် ဆန်ထုတ်လုပ်မှုအပြင် အရန်ဆန်ပမာဏလည်း မြင့်တက်လာပြီး လယ်သမားများအတွက် ဆန်ဈေးတည်ငြိမ်စေကာ ကမ္ဘာ့အရန်ဆန်ထားရှိမှု ပမာဏကိုလည်း အထောက်အကူပြုနေကြောင်း၊ ၂၀၂၆-၂၀၂၇ နှစ်ကုန်တွင် ကမ္ဘာ့အရန်ဆန်ပမာဏသည် ၁၀ နှစ်တာကာလအတွင်း ဒုတိယအများဆုံးဖြစ်သည့် တန်ချိန် ၂၁၃.၈ သန်းသို့ ရောက်ရှိနိုင်ကြောင်း၊ အင်ဒိုနီးရှား၏ အရန်ဆန်သိုလှောင်မှုမှာလည်း ၂၀၂၅ - ၂၀၂၆ နှစ်အကုန်၌ တန်ချိန် ၇.၅ သန်းနှင့် ၂၀၂၆ - ၂၀၂၇ နှစ်ကုန်တွင် တန်ချိန် ၇.၈ သန်းအထိ တိုးမြင့်လာကာ ဆန်တင်ပို့သည့် နိုင်ငံအဆင့်သို့တက်လာနိုင်ကြောင်း ဖော်ပြထားသည်။
FAO ၏ အစီရင်ခံစာအရ နိုင်ငံအများစု၌ ဆန်ထုတ်လုပ်မှုဈေးနှုန်းများ တည်ငြိမ်ခြင်းက လယ်သမားများအား အခြားသီးနှံများထက် ဆန်စပါးကို ပိုမိုရွေးချယ် စိုက်ပျိုးလာစေကြောင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်တို့သည် နမူနာကောင်းများဖြစ်ကြောင်း သို့သော် ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းတို့တွင်မူ ထုတ်လုပ်မှုများ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
အင်ဒိုနီးရှားစာရင်းအင်းဌာန (BPS) ၏ အချက်အလက်များအရ စပါးစိုက်တောင်သူများ၏ ဈေးနှုန်းအညွှန်းကိန်းမှာ တိုးတက်နေပြီး ၂၀၂၆ ခုနှစ် မေလတွင် ၁၄၇.၉၇ ဖြင့် ၇ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။
ရင်းမြစ်-https://en.antaranews.com
