အရေးပါသောကုန်စည်များအတွက် တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် EU က ဥပဒေသစ် တစ်ရပ် ပြင်ဆင်
ဥရောပကုမ္ပဏီများအနေဖြင့် အဓိကကုန်စည်များကို တရုတ်နိုင်ငံကထက် အခြားရင်းမြစ်များမှဝယ်ယူရန် ဥပဒေသစ်တစ်ရပ် ပြင်ဆင်ရေးဆွဲနေကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ဘရပ်ဆဲလ်၌ပြုလုပ်သည့် EU ထိပ်သီးအစည်းအဝေး၌ EU ခေါင်းဆောင်များက ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးပြဿနာများနှင့်စပ်လျဉ်းပြီး အဓိကကုန်သွယ်ဖက်များနှင့် ညှိနှိုင်းမှုတစ်ရပ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပြီး ကုန်သွယ်မှုနည်းလမ်းအသစ်များ ကျင့်သုံးရန် လို၊ မလိုတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ထုတ်ဖော်ပြောကြားခဲ့သည်။
ရိုက်တာသတင်းဌာနကမူ တရုတ်မှ ပြီးခဲ့သည့်နှစ်အတွင်း မြေရှားသတ္တုတင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက် ဥရောပစီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နှင့်ကုန်သွယ်ရာတွင် စွန့်စားရမှုများကို လျှော့ချနိုင်ရန် နည်းလမ်းများကို ပြင်ဆင်ရန်ဖြစ်ကြောင်း၊ EU ထိပ်သီးအစည်းအဝေး၌လည်း တရုတ်နှင့် ကုန်သွယ်မှုကိစ္စကို အဓိကဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။
အရေးပါသော တွင်းထွက်ပစ္စည်းများအပေါ်မှီခိုမှုကို လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် အသင့်ရှိကြောင်း G7 နိုင်ငံများက ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံဘက်က G7 အနေဖြင့် ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်နှင့် အဖွဲ့ငယ်ပုံစံကန့်သတ်ပိတ်ဆို့မှုများ မလုပ်ရန်ပြန်လည်တောင်းဆိုထားသည်။
EU သံတမန်အသိုင်းအဝိုင်းကမူ EU နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးပြဿနာများမှာ အဖွဲ့ဝင်အားလုံး၏ တူညီသောသဘောထားရပ် တည်ချက်အရဖြစ်ပြီး EU သည် တရုတ်နိုင်ငံနှင့် ကုန်စည်ကုန်သွယ်မှုတွင် တစ်ရက်လျှင် ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံခန့်) စံ ချိန်တင် ကုန်သွယ်မှုလိုငွေပြနေကြောင်း၊ ထို့ပြင် အမေရိကန်ဈေးကွက်သို့ ဥရောပကုန်စည်များဝင်ရောက်ခွင့်ကို ကန့်သတ်ထားသည့် အခွန် စည်းကြပ်မှုများရှိနေခြင်းကြောင့် EU အတွက် အခြေအနေမှာ ပိုမိုရှုပ်ထွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.dailymirror
