၂၀၂၇ ခုနှစ်၊ မေလလယ်မှစ၍ E – commerce သဘောတူညီချက် အသက်ဝင်ရေး ထောက်ခံနိုင်ငံများ ဆွေးနွေး

 

ကမ္ဘာ့ပထမဆုံး ဒီဂျစ်တယ်ကုန်သွယ်ရေး အခြေခံစည်းမျဉ်းများဖြစ်သည့် E – commerce သဘောတူညီချက်ကို ထောက်ခံသည့်နိုင်ငံများ (Co-sponsors) က မကြာမီ အတည်ပြုပြဌာန်းနိုင်ရေး ဇွန်လ ၉ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

E – commerce သဘောတူညီချက်ကို အတည်ပြုခြင်းလုပ်ငန်းစဉ် (Ratification process) မှာ (၁၄) ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝန်ကြီးအဆင့်ညီလာခံ (MC14) ၌ အဖွဲ့ဝင်နိုင်ငံပေါင်း ၆၀ ကျော်က ချမှတ်ခဲ့သည့် ကြားကာလအစီအမံများမှ ၁ ခု ဖြစ်ပြီး၊ သဘောတူညီချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစာအုပ် (Rulebook) အတွင်း ထည့်သွင်းရန်မှာမူစောင့်ဆိုင်းနေရဆဲ ဖြစ်ပါသည်။

E –commerce သဘောတူညီချက်ကို ထောက်ခံသည့်နိုင်ငံများ (Co-sponsors) တွင် ပါဝင်သော ချီလီနိုင်ငံက အတည်ပြုပြဌာန်းနိုင်ရေးကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးဦးဆောင်သူဖြစ်သည့် စင်ကာပူနိုင်ငံက သဘောတူညီချက် အသက်ဝင်ရန် အဖွဲ့ဝင် ၄၅ နိုင်ငံက အတည်ပြုပြဌာန်းရမည်ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်၊ မေလလယ်မှစ၍ အကောင်အထည်ဖော်ရန်ထောက်ခံသည့် နိုင်ငံအားလုံးကလိုလားကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံက E – commerce သဘောတူညီချက်နှင့် ကြားကာလအစီအမံများ ကျန်အဖွဲ့ဝင်နိုင်ငံများအား မိတ်ဆက်ပေးမည်ဖြစ်ပြီး သဘောတူညီချက် အကောင်အထည်ဖော်ရေးနည်းပညာဆိုင်ရာ အကူအညီများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးများ၊ ထိတွေ့ဆွေးနွေးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Johanna Hill က ဒီဂျစ်တယ်ကုန်သွယ်ရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရန် အတွင်းရေးမှူးအဖွဲ့မှ AI အကူအညီဖြင့် သင်တန်းလိုအပ်ချက်များကို ကူညီပေးနိုင်ကြောင်း၊ ကမ္ဘာ့ဘဏ်၊ အမေရိကတိုက်ရှိနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုဘဏ်တို့နှင့် ပူးပေါင်း၍ အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၏ ဒီဂျစ်တယ်ကုန်သွယ်မှု အခြေခံအဆောက်အဦအပေါ် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ အွန်လိုင်းသင်တန်းများလည်း ဖွင့်လှစ်နေပြီး သုတေသနနှင့် လေ့လာဆန်းစစ်မှုများကို ကူညီပေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံအများအပြားက E – commerce သဘောတူညီချက် အတည်ပြုပြဌာန်းနိုင်ရေး ဆောင်ရွက်နေသော ပြည်တွင်းလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများကို တင်ပြခဲ့ကြပါသည်။

စာကြွင်း

E – commerce သဘောတူညီချက် (ECA) သည် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ကုန်သွယ်ရေးကို လွယ်ကူချောမွေ့စေရန်၊ ပွင့်လင်းသော ဒီဂျစ်တယ်ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ထွန်းလာစေရန်နှင့် အွန်လိုင်းအရောင်းအဝယ်ပြုလုပ်မှုများအပေါ် ယုံကြည်မှုမြှင့်တင်ရန် ရည်ရွယ်သည်။ 

ECA ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သဘောတူညီချက်၏ နောက်ဆက်တွဲ (၄) ၌ ထည့်သွင်းရန် ပထမဆုံးအကြိမ် တောင်းဆိုချက်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အထွေထွေကောင်စီ (General Council) ထံ တင်ပြခဲ့ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၉၀ ခန့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

၂၀၂၆ ခုနှစ် ဇွန်လအထိ အဖွဲ့ဝင် ၇၃ နိုင်ငံက အပြီးသတ် ECA သဘောတူညီချက်ကို ထောက်ခံထားကြပြီး WTO ၏ ဥပဒေမူဘောင်အတွင်း ထည့်သွင်းရန် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေး၏ ၇၀ % ခန့် ဆောင်ရွက်နေသော WTO အဖွဲ့ဝင် ၆၇ နိုင်ငံက ကြားကာလအစီအမံများမှတစ်ဆင့် ECA ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ (MC14 ဝန်ကြီးအဆင့်ညီလာခံ) တွင် ကြေညာခဲ့သည်။ 

ယခု သဘောတူညီချက်သည် လက်ခံအတည်ပြုလွှာ (Instruments of acceptance) ၄၅ စောင် တင်သွင်းပြီးပါက စတင်အသက်ဝင်မည်ဖြစ်သည်။

ရင်းမြစ်။        https://www.wto.org