BRICS နိုင်ငံများအကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ကုန်သွယ်ရေးကို ပုံဖော်မည်ဖြစ်ကြောင်း FAO ကိုယ်စားလှယ်ကပြောကြား

 

ရုရှားနိုင်ငံဆိုင်ရာ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့ (FAO) ရုံးအကြီးအကဲ Oleg Kobyakov က BRICS အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းက ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးအနာဂတ်အတွက် အဆုံးအဖြတ်ပေးနိုင်ကြောင်း စိန့်ပီတာစဘတ်၊ နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် အလေးအနက်ပြောကြားခဲ့သည်။

BRICS နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၂ % ရှိပြီး ကမ္ဘာ့အနာဂတ် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူငယ်လူဦးရေအများစုပါဝင်ကြောင်း၊ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအချို့လည်း BRICS တွင် ပါဝင်နေသည့်အပြင် ကမ္ဘာ့အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃ ပုံ ၁ ပုံ ကျော်နှင့် နိုင်ငံတကာကုန်သွယ်မှု (အထူးသဖြင့် စိုက်ပျိုးရေးထွက်ကုန်များနှင့် ဆက်စပ်လုပ်ငန်းများ) တွင် သိသာစွာ ပါဝင်နေမှုကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ဦးတည်ချက်သည် BRICS အဖွဲ့တွင်းနှင့် အဖွဲ့ပြင်ပ ပူးပေါင်းဆောင်ရွက်မှုများ၏ သဘောသဘာဝအပေါ်တွင် များစွာမူတည်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်ကြရာတွင်လည်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များ ရေရှည်တည်တံ့ရန်၊ သင့်လျော်သော စည်းမျဉ်းမူဘောင်များ ဖန်တီးရန်၊ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ ဖလှယ်ရန်၊ ထုတ်လုပ်သူများအတွက် မျှတသော ဈေးကွက်ဝင်ရောက်ခွင့်ပေးရန်၊ အပင်နှင့်တိရစ္ဆာန်မွေးမြူရေး တိုးတက်ရန် ဉာဏ်ရည်တုနည်းပညာ (artificial intelligence) အပါအဝင် တီထွင်မှုမျိုးစုံကို အပြည့်အဝအသုံးချရန် လိုအပ်ကြောင်းနှင့် ၎င်းတို့အောင်မြင်ရန်မှာ လူငယ်များအား အသိပညာပေးရေးက အဓိကဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တောင်သူလယ်သမားများသည် နိုင်ငံအများစုတွင် လူမှုဘဝတည်ငြိမ်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်ရှိလိုအပ်ချက်များနှင့်အညီ လမ်းများ၊ ဆေးရုံများ၊ ပညာရေးအဆောက်အဦများ၊ မြန်နှုန်းမြင့်အင်တာနက်များ၊ ငွေကြေးအခွင့်အလမ်းများ စသည်တို့ကို ဖန်တီးပေးသင့်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်          https://parstoday.ir/en/news/