ပုစွန်တင်ပို့မှုကန့်သတ်ချက်များအပေါ် ဆွေးနွေးညှိနှိုင်းပေးရန် မွေးမြူရေးသမားများ တောင်းဆို
ဇွန်လ ၁ ရက်နေ့မှစ၍ မလေးရှားက ထိုင်းပုစွန်တင်သွင်းမှုအပေါ် စစ်ဆေးမှုများ တင်းကျပ်တော့မည်ဖြစ်ရာ နှစ်စဉ် ဘတ် ၄ ဘီလီယံခန့်တန်ဖိုးရှိ ထိုင်းပုစွန်ပို့ကုန်ကဏ္ဍကို ထိခိုက်လာနိုင်သဖြင့် မလေးရှားအာဏာပိုင်များနှင့် အရေးပေါ်တွေ့ဆုံဆွေးနွေးပေးရန် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပုစွန်မွေးမြူရေးသမားများက အစိုးရအား တောင်းဆိုလိုက်သည်။
မလေးရှား ကကတစ်ငါး (Seabass) တင်သွင်းမှုများတွင် ဓာတုဆေးဝါးအကြွင်းအကျန်များ တွေ့ရှိမှုကြောင့် ထိုင်းနိုင်ငံက ပိတ်ပင်ခဲ့ရာမှ ယခုကဲ့သို့ မလေးရှား၏ တန်ပြန်တင်းကျပ်မှု စတင်ခဲ့ပြီး၊ မလေးရှားနှင့် စင်ကာပူတို့သို့ ပုစွန်တင်ပို့မှုများကို ထိခိုက်လာနိုင်ကြောင်း ထိုင်းပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ Preecha Sukkasem က ပြောကြားခဲ့သည်။
မလေးရှား၊ ကကတစ်ငါးတင်ပို့သူများက ဆုန်ခလာခရိုင် (Songkhla) ရှိ ဆာဒါအို (Sadao) နယ်စပ်စစ်ဆေးရေးဂိတ်၌ ၁ ရက်မှ ၂ ရက်ခန့် စစ်ဆေးမှုများသည် ငါးလတ်ဆတ်မှုကို ထိခိုက်စေသဖြင့် တိုင်ကြားမှုများရှိခဲ့ကြောင်း၊ ယခု ထိုင်းပုစွန်ပို့ကုန်အပေါ်တွင် စစ်ဆေးမှုများကြန့်ကြာပါက လတ်ဆတ်သော ပုစွန်တင်ပို့မှုတန်ဖိုးကို ကျဆင်းစေနိုင်ကြောင်း၊ ထိုအခါ ပြည်တွင်းဈေးကွက်၌ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချလိမ့်မည်ဖြစ်ကြောင်း၊ ဆုံးရှုံးမှုပမာဏ မည်မျှရှိမည်ကို မခန့်မှန်းနိုင်ကြောင်း Preecha Sukkasem ပြောကြားခဲ့သည်။
ဆုန်ခလာခရိုင် (Songkhla) မှ လွှတ်တော်အမတ် ChaiyongManeerungsakul က ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ဝန်ကြီးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်၊ မလေးရှားနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများကို လျင်မြန်စွာလုပ်ဆောင်ပေးရန် ပြောကြားထားသည်။
ရင်းမြစ်။ https://www.bangkokpost.com/
