ကမ္ဘာ့ကုန်သွယ်ရေးအတားအဆီးများကြောင့် ကုန်ကျစရိတ်နှင့် လုပ်ငန်းဆောင်ရွက်မှု ဖိအားများ မြင့်တက်လာသည်ဟု ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှ တာဝန်ရှိသူများ ပြောကြား
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala နှင့် မေလ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် ကမ္ဘာ့ထိပ်တန်း သင်္ဘောကုမ္ပဏီများနှင့် ပို့ဆောင်ရေးအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိများက ကုန်စည်ကုန်သွယ်မှုကဏ္ဍ၌ လုပ်ငန်းလည်ပတ်မှုနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ တိုးပွားလာနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးစနစ်မှာ ကြံ့ကြံ့ခံနေသော်လည်း ပင်လယ်ကွေ့ဒေသနှင့် အခြားရေကြောင်းပိတ်ဆို့မှုများကြောင့် လမ်းကြောင်းသစ်များ ရှာဖွေအသုံးပြုနေရခြင်းသည် တင်ပို့သူများနှင့် စားသုံးသူများအတွက် ကုန်ကျစရိတ် ပိုမိုကြီးမားစေကြောင်း ပြောကြားခဲ့သည်။
လိုက်လျောညီထွေဖြစ်မည့် နည်းလမ်းများကို ရှာဖွေကြံဆနေသော်လည်း သယ်ယူပို့ဆောင်ရေး ကွန်ရက်များ၏ လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ချက်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ ရေကြောင်းလမ်းမှမဟုတ်ဘဲ အချို့ကုန်းလမ်းကြောင်းများမှ လွှဲပြောင်းသယ်ယူခြင်းသည် သိသာသော ကန့်သတ်ချက်များနှင့် ကုန်ကျစရိတ်မြင့်မားမှုကို ဖြစ်ပေါ်စေကာ ဆိပ်ကမ်းများတွင် ကုန်စည်များ ပြည့်နှက်နေကြောင်း၊ သင်္ဘောတစ်စင်းသည် ကုန်တင်ရထားအစင်းရေ ၇၀ ခန့်နှင့်အညီ သယ်ယူပို့ဆောင်နိုင်စွမ်းရှိကြောင်း အဆိုပါအရာရှိများက ပြောကြားခဲ့သည်။
ထို့ပြင် ဘက်စုံသယ်ယူပို့ဆောင်ရေးနှင့် အစားထိုးလမ်းကြောင်းများ အသုံးပြုမှုကြောင့် အကောက်ခွန်ဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများ၊ ကုန်ကျစရိတ်မြင့်တက်လာခြင်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ မသေချာမရေရာမှုများဖြစ်ပွားကာ ကုန်စည်စီးဆင်းမှုများ ထိရောက်မြန်ဆန်ပြီး ခန့်မှန်းရလွယ်ကူစေရန် ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ဖော်ပြနေကြောင်း၊ ကာလရှည်ကြာ ကျင့်သုံးလာခဲ့သည့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အပါအဝင် နိုင်ငံစုံစံနှုန်းများနှင့် သဘောတူညီချက်များကို လေးစားလိုက်နာသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala က ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၈၀ % ကျော်ကို ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြင့်သာ ဆောင်ရွက်နေရာ၊ အရေးပါသဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် တိုက်တွန်းကြောင်း၊ အကောက်ခွန်ဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး သဘောတူညီချက် အပြည့်အဝအကောင်အထည်ဖော်ရန်နှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ဒစ်ဂျစ်တယ် စနစ်သို့ပြောင်းလဲခြင်း၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်ရှိရန်နှင့် တည်ငြိမ်စေရန် ကုန်သွယ်မှု ကန့်သတ်ချက်များအား ထိန်းချုပ်ခြင်း စသည့်အခြားနည်းလမ်းများသည် အရေးကြီးကြောင်း၊ တွေ့ကြုံရသော အခက်အခဲများအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ အတွင်းရေးမှူးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည့် MSC၊ CMA CGM၊ COSCO Shipping၊ Hapag-Lloyd၊ Ocean Network Express (ONE)၊ Evergreen Marine Corp.၊ Yang Ming နှင့် China Merchants Energy Shipping တို့မှ အမှုဆောင်အရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာသင်္ဘောလုပ်ငန်းအသင်းအဖွဲ့ (ICS)၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်းများအသင်း (FIATA) နှင့် ကမ္ဘာ့သင်္ဘောကောင်စီတို့မှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရင်းမြစ်။ https://www.wto.org/
