ဥရောပသမဂ္ဂ (EU) က မျိုးရိုးဗီဇပြုပြင်ထားသောကောက်ပဲသီးနှံ ၄ မျိုးအား ထပ်မံတင်သွင်းခွင့်ပြု
ဥရောပကော်မရှင် (European Commission) သည် မျိုးရိုးဗီဇပြုပြင်ထားသော (GMO) ကောက်ပဲသီးနှံ ၄ မျိုးကို အစားအစာနှင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း၊ ယင်းတို့မှာ ဝါဂွမ်းမျိုးကွဲ ၂ မျိုး၊ ပြောင်းဖူး ၁ မျိုးနှင့် ပဲပုပ် ၁ မျိုးတို့ဖြစ်ပြီး ခွင့်ပြုချက်သက်တမ်း ၁၀ နှစ်ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့က တရားဝင်ပြန်တမ်း (Official Journal of the EU) တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုခွင့်ပြုချက်သည် အစားအစာနှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုရန် သီးသန့်တင်သွင်းခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်သာ အကျုံးဝင်ပြီး၊ ဥရောပသမဂ္ဂ (EU) ဒေသအတွင်း အဆိုပါကောက်ပဲသီးနှံမျိုးများကို စိုက်ပျိုးခွင့် လုံးဝခွင့်မပြုထားကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ခွင့်ပြုချက်ရရှိထားသော မျိုးရိုးဗီဇပြုပြင်ထားသော ထုတ်ကုန်များ (GMO) အနေဖြင့် ပြည်တွင်းစျေးကွက်၌ ရောင်းချရာတွင် တံဆိပ်ကပ်ခြင်းနှင့် နောက်ကြောင်း လိုက်လံစစ်ဆေးခံနိုင်ခြင်းစသည့် EU ၏ တင်းကျပ်သောစည်းမျဉ်းများကို လိုက်နာရမည်ဖြစ် ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ကို ကိုးကား၍ ukragroconsult က သတင်းဖော်ပြထားသည်။
တရုတ်နိုင်ငံ Beijing DaBeiNong ဇီဝနည်းပညာကုမ္ပဏီကိုယ်စား ဘယ်လ်ဂျီယံကုမ္ပဏီ Perseus BV က ဥရောပသို့ ပထမဆုံးတင်သွင်းထားသော မျိုးရိုးဗီဇပြုပြင်ထားသော ပဲပုပ်အမျိုးအစား DBN-09004 - 6 လည်းပါဝင်သည်။ ဥရောပကော်မရှင်သည် ပြောင်းဖူးအမျိုးအစား T25 (ACS-ZMØØØ3-2) နှင့် ဝါဂွမ်းစပ်မျိုး GHB614 × LLCotton25 တို့ကို တင်သွင်းခွင့်သက်တမ်းကိုလည်း တိုးမြှင့်ပေးခဲ့သည်။ ယခု ဆုံးဖြတ်ချက်များသည် ကုန်သွယ်မှုအတွက်သာဖြစ်ပြီး ဥရောပကော်မရှင်၏ မျိုးရိုးဗီဇပြုပြင်ထားသော (GMO) သီးနှံဆိုင်ရာ မူဝါဒကို အကျိုးမသက်ရောက်ကြောင်း သတင်းများက ဖော်ပြထားပါသည်။
ရင်းမြစ်။ https://logos-pres.md/en/news/
