ဥရောပသမဂ္ဂ (EU) သို့ ရေထွက်ပစ္စည်းများ တင်ပို့နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေသော အိန္ဒိယ
အမေရိကန်က အိန္ဒိယနိုင်ငံ၏ ရေထွက်ပစ္စည်းများအပေါ် အခွန် ၅၀ % တိုးမြှင့်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကို ကျော်လွှားနိုင်ရန် အိန္ဒိယအစိုးရသည် ဥရောပသမဂ္ဂဈေးကွက်သို့ ရေထွက်ပစ္စည်းများ တင်ပို့ခွင့်ရရှိရေး ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအတွက် အစားထိုးဈေးကွက်အသစ်များရရှိရန်နှင့် ရေလုပ်သားများ စိုးရိမ်ပူပန်နေသည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အဟန့်အတားများကို ဗဟိုအစိုးရမှ ဥရောပသမဂ္ဂ (EU) နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယငါးဖမ်းလုပ်ငန်းအများစုသည် EU ၏ တားမြစ်ခြင်းကို ခံခဲ့ရသော်လည်း အိန္ဒိယသည် အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အမိန့်များနှင့် စံချိန်စံညွှန်းများကို အသုံးပြုကာ လုပ်ငန်းလည်ပတ်ခွင့် ရရှိစေရန် တွန်းအားပေးခဲ့ကြောင်း၊ အိန္ဒိယငါးဖမ်းလုပ်ငန်းပေါင်း ၁၂၅ ခုကျော်ကို ပြန်လည်တင်ပို့ခွင့် ရရှိသွားပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့မှုသည် မဟာဗျူဟာမြောက် ဆောင်ရွက်ချက်များကြောင့် ကမ္ဘာ့စီးပွားရေးမရေရာမှုများကြားတွင် ၁၂ % မှ ၁၄ % တိုးတက်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂဈေးကွက်သည် သွင်းကုန်လိုအပ်ချက် မြင့်မားပြီး ကမ္ဘာ့ကုန်သွယ်ရေးတွင် အရေးပါသောကြောင့် အဆိုပါဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်မှာ အလွန်အရေးကြီးကြောင်း ဝန်ကြီး Goyal က ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယသည် EU ဈေးကွက်သို့ ဝင်ရောက်ရန်နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs)၊ ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ပူးပေါင်းမှုများမှတစ်ဆင့် ရေရှည်ကုန်သွယ်ရေး အခွင့်အလမ်းများရရှိစေရန် အဓိကထားဆောင်ရွက်လျက်ရှိပါသည်။
အိန္ဒိယသည် ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်လာမည်ဆိုပါက နိုင်ငံတကာသဘောတူညီချက်များကို နှစ် ၂၀/ ၂၅ နှစ်တာကာလအတွက် အခြေခံအုတ်မြစ်ဖြစ်စေရမည်ဖြစ်ကြောင်း၊ ပို့ကုန်ကဏ္ဍတိုးချဲ့ထွင်ခြင်း၊ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့မှာ အဓိက ဦးစားပေးလုပ်ငန်းများဖြစ်ပြီး ကမ္ဘာ့အဓိကစျေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အလွန်အရေးပါကြောင်းဟု အိန္ဒိယ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal ကပြောကြားခဲ့သည်။
