ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၄) ကြိမ်မြောက် ဝန်ကြီးအဆင့်ဆွေးနွေးပွဲအရှိန်အဟုန်ကိုအခြေခံ၍ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား အထွေထွေကောင်စီဥက္ကဋ္ဌကတင်ပြ

 

ကင်မရွန်းနိုင်ငံ၊ ယာအွန်းဒေးမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၄) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံ (MC14) အပြီး ဂျီနီဗာ၌ ပထမဆုံးပြုလုပ်သည့် အထွေထွေကောင်စီ အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌဖြစ်သူ နယူးဇီလန်သံအမတ်ကြီး Clare Kelly က MC14 အရှိန်အဟုန်ကို အခြေခံကာ ဆက်လက်လုပ်ဆောင်သွားမည့် ဆွေးနွေးမှုပုံစံများကို တင်ပြခဲ့ပါသည်။ 

အစည်းအဝေးတွင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းအစီအစဉ်နှင့် အကောက်ခွန်ဆိုင်းငံ့ထားမှု (E-commerce Work Programme and moratorium) ကို သက်တမ်းတိုးရန်ကိစ္စအပေါ် တူရကီနိုင်ငံက သဘောတူကြောင်းကြေညာခဲ့ပြီး အထွေထွေကောင်စီဥက္ကဋ္ဌက E-commerce လုပ်ငန်းအစီအစဉ်နှင့် အကောက်ခွန်ဆိုင်းငံ့မှု၊ WTO ပြုပြင်ပြောင်းလဲရေးတို့၏ စာသားများကို အတည်ပြုနိုင်မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ညှိနှိုင်းမှုများရလဒ်များကို ဇူလိုင်လတွင် ကျင်းပမည့် အထွေထွေကောင်စီအစည်းအဝေး၌ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

WTO ပြုပြင်ပြောင်းလဲရေးတွင် အငြင်းပွားမှုဖြေရှင်းရေးကိစ္စကို ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ အခြားကိစ္စရပ်များဖြစ်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် သဘောတူညီချက်ကို မချိုးဖောက်သော်လည်း တိုင်ကြားနိုင်ခွင့်၊ နည်းပညာလွှဲပြောင်းပေးရေးနှင့်ပတ်သက်၍ G90 ၏အဆိုပြုချက်များ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် သီးသန့်အစီအစဉ်၊ ငွေလွှဲခကုန်ကျစရိတ်များနှင့် စိုက်ပျိုးရေး ကုန်သွယ်မှုကိစ္စရပ်များလည်း ပါဝင်ကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး စသည့်ကိစ္စရပ်များတွင်လည်း ယင်းသို့ ညှိနှိုင်းသင့်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ MC14 ဆုံးဖြတ်ချက်များဖြစ်သော အသေးစားစီးပွားရေးနိုင်ငံများ (small economies) နိုင်ငံစုံကုန်သွယ်ရေးစနစ်တွင် ပါဝင်နိုင်ရန်၊ လူ၊ အပင်နှင့်တိရိစ္ဆာန်ရောဂါပိုးမွား အန္တရာယ်ကင်းရှင်းရေး (SPS) နှင့် ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများ (TBT) သဘောတူညီချက်များတွင် ပါရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူးနှင့်သီးခြားပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ ငါးလုပ်ငန်းထောက်ပံ့ကူညီမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ရန်တို့ကို တရားဝင်အတည်ပြုခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုကအဖွဲ့ဝင် ၁၉ နိုင်ငံပါဝင်ထောက်ခံထားသည့် ၎င်း၏ အဆိုပြုချက် Joint Statement on the Moratorium on Customs Duties on Electronic Transmissions “အီလက်ထရောနစ်နည်းလမ်းဖြင့် ပေးပို့မှုများအပေါ် အကောက်ခွန်ဆိုင်းငံ့မှုဆိုင်ရာ ပူးတွဲကြေညာချက်” ကိုတင်ပြခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့မှစ၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ပေးပို့မှုများအပေါ် အဆိုပါ ၁၉ နိုင်ငံသည် အချင်းချင်းအခွန်ကောက်ခံခြင်း မပြုကြောင်း တင်ပြခဲ့ပါသည်။

ထပ်မံ၍ Plurilateral Agreement ဖြစ်သည့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက်ကို WTO ၏ တရားဝင်ဥပဒေရေးရာမူဘောင်အတွင်း ထည့်သွင်းနိုင်ရန် ကြိုးပမ်းနေစဉ် အဖွဲ့ဝင်နိုင်ငံပေါင်း ၆၀ ကျော်က ယာယီအစီအမံများမှတစ်ဆင့် လက်တွေ့လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် တောင်ကိုရီးယားနိုင်ငံမှ တင်ပြသောပွင့်လင်းမြင်သာမှုရှိရေးနှင့် ကုန်သွယ်မှုဖြေလျော့ခြင်းကို ထိခိုက်စေသော လုပ်ဆောင်ချက်များကို စုပေါင်းကာကွယ်ရန် ကြေညာချက်  နှင့် အဖွဲ့ဝင်နိုင်ငံအချို့၏ စိုက်ပျိုးရေးကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အစီရင်ခံစာကိုလည်း ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။

(၁၅) ကြိမ်မြောက်ဝန်ကြီးအဆင့် ညီလာခံ

၂၀၂၈ ခုနှစ်တွင် ကျင်းပမည့်(၁၅) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ၏ အချိန်နှင့် နေရာတို့အတွက် ဆော်ဒီအာရေဗျနိုင်ငံ၊ ကိုရီယတ်မြို့၌ လက်ခံကျင်းပရန် ကမ်းလှမ်းချက်အပေါ် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။        https://www.wto.org/