ဘင်္ဂလားဒေ့ရှ်၌ ဩစတြေးလျ၏ ဆိုလာစွမ်းအင်ကဏ္ဍလာရောက်ရင်းနှီးမြှုပ်နှံရေးဘင်္ဂလားဒေ့ရှ်၊ စီးပွား/ကူးသန်းဝန်ကြီး မျှော်လင့်
ဘင်္ဂလားဒေ့ရှ်၌ လျှပ်စစ်စွမ်းအင်လိုအပ်ချက် မြင့်မားနေသောကြောင့် ဩစတြေးလျ၏ ဆိုလာစွမ်းအင်ကဏ္ဍ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်၊ စီးပွား/ကူးသန်းဝန်ကြီး Khandakar Abdul Muktadir က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး (High Commissioner) Susan Ryle နှင့် ဝန်ကြီးဌာန၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးက ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရှိရင်းစွဲ စက်မှုလုပ်ငန်းများအား ပြန်လည်အားပေးမြှင့်တင်ခြင်း၊ စက်မှုလုပ်ငန်းအသစ်များ တည်ထောင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အဆင်ပြေချောမွေ့ရန် ဥပဒေများချမှတ်ထားပြီး အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၌ ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ၌ အစိုးရသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိ လုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်စတင်နေကြောင်း၊ ထို့ကြောင့် ဩစတြေးလျဆိုလာစွမ်းအင် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့သည်။
ဩစတြေးလျသံအမတ်ကြီး (High Commissioner) Susan Ryle က လက်ရှိနှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၁၄ ဘီလီယံရှိပြီး ဆက်လက်တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တီထွင်နိုင်စွမ်း၊ နည်းပညာအပါအဝင် ဩစတြေးလျ ရင်းနှီး မြှုပ်နှံမှုများကို ဘင်္ဂလားဒေ့ရှ်၌ လာရောက်ဆောင်ရွက်နိုင်ခြေရှိပြီး အထူးသဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် သင်တန်းသား ၂၈,၀၀၀၉ သည် ဩစတြေးလျ၌ စာသင်ကြားနေကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးကဘင်္ဂလားဒေ့ရှ်၊ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အရာထမ်းများအားစွမ်းဆောင်ရည် မြှင့်တင်ရေးအပါအဝင် ကုန်သွယ်မှုအပြင် အခြေခံအဆောက်အဦ ဖွံဖြိုးတိုးတက်ရေးအတွက် ပညာသင်ထောက်ပံ့မှုတို့ကိုပါ ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာ The Daily Star တွင် ဖော်ပြထားပါသည်။
ရင်းမြစ်။ The Daily Star
