ဆန်ဝယ်လိုအား မြင့်တက်နေမှုနှင့် ပြောင်းလဲလာသောပို့ကုန်မူဝါဒများကြောင့် ကမ္ဘာ့ဆန်စျေးနှုန်း ၁၁ % မြင့်တက်

 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ပိုင်းအထိ ကမ္ဘာ့ဆန်ဈေးနှုန်းသည် အခြားပိုလျှံလယ်ယာထွက်ကုန်များဖြစ်သော ပြောင်းနှင့် သကြားဈေးနှုန်းများနှင့် ကွဲပြားကာ ၁၁.၁ % အထိ မြင့်တက်လာခဲ့သည်။ ကမ္ဘာ့လူဦးရေ ၅၀ % ကျော်က ဆန်စားသုံးနေသော်လည်း ရောင်းလိုအားနှင့် ဝယ်လိုအားမျှခြေတွင် အပြောင်းအလဲရှိနေခြင်းကြောင့် ဆန်ဈေးနှုန်းမြင့်တက်လာခြင်းဟု သုံးသပ်နိုင်ပြီး ဆန်အဓိကတင်သွင်းသည့် နိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့ပါသည်။

၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ဆန်ဈေးနှုန်းများ ကျဆင်းမည်ဟု ခန့်မှန်းထားကြသော်လည်း အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ ဆန်တင်သွင်းသည့်နိုင်ငံများက ဆန်ရိက္ခာများ ပြန်လည်ဖြည့်တင်းခဲ့ခြင်း၊  အာရှနိုင်ငံများ၏ ဥပုသ်ကာလနှင့် နှစ်ကူးပွဲတော်ကာလ ဝယ်လိုအား မြင့်တက်ခဲ့ခြင်း၊ ဂျပန်၌လည်း အစိုးရ၏ ဆန်အရန်ရိက္ခာများ ထုတ်ပေးရန် ကြန့်ကြာမှုများနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများ၏ တင်းကျပ်သော ဈေးနှုန်းသတ်မှတ်ချက်များကြောင့် စားသုံးသူများက စိုးရိမ်ကာ ဆန်သိုလှောင်ကြခြင်းကြောင့် ဝယ်လိုအားတက်ကာ ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယ၏ ဆန်ထုတ်လုပ်မှု တန်ချိန် ၁၅၂ သန်းမှာ ကမ္ဘာ့ဝယ်လိုအားကို အပြည့်အဝဖြည့်ဆည်းပေးနိုင်စွမ်း မရှိခဲ့ကြောင်း သိရှိရပါသည်။

ဆန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အာရှရှိ ဆန်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဆန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီများက အကျိုးအမြတ် အများဆုံးရရှိကြပြီး ဆန်ဖြင့်ထုတ်လုပ်သော ကမ္ဘာ့စားသောက်ကုန်လုပ်ငန်းများကမူ ကုန်ကြမ်းစရိတ်မြင့်တက်လာမှုကို ရင်ဆိုင်နေရပါသည်။ အကယ်၍ ဆန်ဈေးသည် လက်ရှိအတိုင်း ဆက်လက်ရှိနေပါက စားသုံးသူများအတွက် ဈေးနှုန်းမြင့်တက်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။

ဈေးကွက်ကျွမ်းကျင်သူများက ဆန်ဈေးနှုန်းအပြောင်းအလဲကို ဆန်အဓိကတင်သွင်းသည့် နိုင်ငံများ၏ ဝယ်လိုအားအပေါ် မြန်မြန်ဖြည့်ဆည်းပေးနိုင်မည့်အချက်နှင့် ဆန်အဓိကထုတ်လုပ်သည့် နိုင်ငံများ၏ ထုတ်လုပ်နိုင်မှုအခြေအနေပေါ်တွင် ဆက်လက်မူတည်ရန် မျှော်လင့်နေပြီး၊ ၂၀၂၆ ခုနှစ်တွင်း ရာသီဥတုဆိုင်ရာ စွန့်စားရမှုများနှင့် ဆန်တင်သွင်းသည့် နိုင်ငံများ၏ ဝယ်ယူမှု လမ်းကြောင်းမျိုးစုံတို့ကြောင့် တစ်နှစ်ပတ်လုံးတွင် ဆန်ဈေးနှုန်းများဆက်လက်မြင့်တက်နိုင်ကြောင်း၊ ယခုပုံစံက အခြားသီးနှံများနှင့်မတူသော ဆန်၏ သီးခြားဈေးကွက်အရွေ့ဖြင့် လည်ပတ် နေမှုကို ပြသနေကြောင်း သိရှိရပါသည်။

ရင်းမြစ်။        https://ukragroconsult.com/en/news/global-rice-prices-surge-11-amid-strong-demand-and-shifting-export-policies/