စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း(၁/၂၀၂၆) ဖွင့်လှစ်ကျင်းပ

နေပြည်တော်၊ မတ်လ ၁၆ ရက်

     စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

          အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က စက်မှုဒီဇိုင်းမှတ်ပုံတင်ကိုယ်စားလှယ်များအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် ဒီဇိုင်းမူပိုင်ခွင့်လျှောက်ထားရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်အလက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ လျှောက်လွှာပုံစံများနှင့် စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေများနှင့်စပ်လျဉ်းပြီး သိရှိနိုင်ရန်နှင့် ဒီဇိုင်းမူပိုင်ခွင့် လျှောက်ထားခြင်းများ အဆင်ပြေချောမွေ့စွာ လျှောက်ထားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်များအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် လျှောက်ထားရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများကို သိရှိနားလည်ထားမှသာ လျှောက်ထားရာတွင် အမှားနည်းစွာနှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့်လည်း မှတ်ပုံတင်လျှောက်လွှာများကို အချိန်နှင့်တပြေးညီ လျင်မြန်စွာ စစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ ၄ ရပ်လုံး အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်လျှောက်ထားခြင်းများကို အီလက်ထရောနစ် စနစ်မှတစ်ဆင့်ဖြစ်စေ၊ လျှောက်လွှာလက်ခံဌာနများတွင် လူကိုယ်တိုင်လျှောက်ထားခြင်းဖြင့်ဖြစ်စေ လက်ခံစစ်ဆေး၍ မှတ်ပုံတင်လက်မှတ်များထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ် ဖော်ဆောင်ရာတွင် ပြည်တွင်းမှတ်ပုံတင်စနစ်ကျင့်သုံးဆောင်ရွက်ပြီးနောက် အပြည်ပြည်ဆိုင်ရာမှတ်ပုံတင်စနစ် (International Filling System)ကို ကျင့်သုံးဆောင်ရွက်သွားရန် လျာထားပါကြောင်း ပြောကြားခဲ့ သည်။

        သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို မတ်လ ၁၆ ရက် နေ့မှ ၂၄ ရက် နေ့ထိ(ရုံးပိတ်ရက်မပါ) ၇ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၄၇) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။