နေပြည်တော်ရင်ပြင်တွင် ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်း ဆက်လက်ပါဝင်ပြသ

နေပြည်တော်၊ ဖေဖော်ဝါရီ ၉           ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်ရင်ပြင်တွင် ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်၌ ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်းတွင် တိုင်း/ဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင် တည်ထောင်သည့်အချိန်မှစ၍ ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြပွဲ ကာလအတွင်း MSME စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာဌာနများဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်လက်မှတ် ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတွင် FDA လက်မှတ်၊ မူပိုင်ခွင့်ဦးစီးဌာနတွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း နှင့် အခြားဦးစီးဌာနများ၌ တင်သွင်း/ တင်ပို့မှုဆိုင်ရာ ထောက်ခံချက်ကိစ္စရပ်များကို ရှင်းလင်း ဆောင်ရွက်ပေးသည့် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို ပြည်တွင်းရှိ လက်လီ/ လက်ကားဆိုင်များဖြစ်သည့် MaKro ၊ City Mart ၊ One Stop Mart ၊ Aeon စသည်တို့တွင် ကုန်ပစ္စည်းများ ပြသရောင်းချနိုင် ရေးအတွက်ဆောင်ရွက်ပေးသည့် ပြည်တွင်းစျေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသစ်တစ်ခု စတင်တည်ထောင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘဏ္ဍာငွေကြေးနှင့် ချေးငွေရရှိနိုင်ရေးတို့အတွက် ပြည်တွင်းရှိ Bank များဖြစ်သည့် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ SME Development ဘဏ်စသည့် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမတည်ငွေချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပစျေးကွက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် တာဝန်ပေးစေလွှတ်ထားသည့် စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် ချိတ်ဆက် ဆောင်ရွက် ပေးသည့် ပြည်ပစျေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တို့ဖြင့်ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ 

ပြပွဲ ဒုတိယမြောက်‌နေ့ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် (၈၇) ဦး၊ ပြည်တွင်းစျေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့မှ လက်လီ/ လက်ကား (၁၁) ဆိုင်နှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် ( ၄၁ ) ဦး၊  ရင်းနှီး မတည်ငွေချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ ဘဏ် (၁၃) ခုနှင့် တွေ့ဆုံသည့် လုပ်ငန်းရှင် (၄၀) ဦး၊ ပြည်ပစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ မှ လုပ်ငန်းရှင် (၂၁) ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။