စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီဆိုင်ရာ အစည်းအဝေး၌ National Statement ပါဝင်ပြောကြား
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သော ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (Common Fund for Commodities-CFC) ၏ (၃၇) ကြိမ်မြောက်အုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ CFC ၏ Managing Director Dr. Sheikh Mohammed Belal ၏ ဖိတ်ကြားချက်အရ CFC ဆိုင်ရာ မြန်မာနိုင်ငံ၏ Governor ဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အွန်လိုင်းမှတစ်ဆင့် ပါဝင် တက်ရောက်၍ မြန်မာနိုင်ငံကိုယ်စားပြု National Statement ပါဝင် ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက National Statement ပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ CFC မှထောက်ပံ့ပေးသည့် ချေးငွေ ဖြင့် ရော်ဘာ၊ နို့ထွက်ပစ္စည်းနှင့် အသား၊ ဟင်းသီးဟင်းရွက်၊ ဝါး၊ ငါးလုပ်ငန်းနှင့် သဘာဝ မြေသြဇာ ထုတ်လုပ်ရေးစီမံကိန်းများအား အခြားအာရှပစိဖိတ်နိုင်ငံ ၁၁ နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့သည့်အတွက် CFC ကို ကျေးဇူးတင်ရှိပါကြောင်း၊ အနာဂတ် ကာလတွင်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ SMEs လုပ်ငန်းများ၊ တန်ဖိုးမြှင့် ထုတ်လုပ်မှုလုပ်ငန်းများ၊ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးနှင့် စျေးကွက်ဝင်ရောက်ခွင့် အစရှိ သည့် ကဏ္ဍစုံတို့တွင် CFC နှင့်ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ခေတ်မီပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ၊ ရာသီဥတုဒဏ် ခံနိုင်သော နည်းပညာများ၊ ကာဗွန်နည်းပါးသော စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ် သတင်းအချက်အလက် စနစ်များနှင့် အန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် စိတ်ဝင်စားမှုရှိပါကြောင်း၊ CFC က နှစ်စဉ် ထောက်ပံ့ပေးနေသည့် စီမံကိန်းများကိုလည်း မိမိတို့အနေဖြင့် ရယူလိုပါကြောင်းနှင့် CFC ၏ ၂၀၂၅-၂၀၃၅ မဟာဗျူဟာမူဘောင်ကို ထောက်ခံပါကြောင်း ပြောကြားခဲ့ပါသည်။
ယခုကျင်းပသည့် (၃၇) ကြိမ်မြောက်အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံ ၁၀၁ နိုင်ငံ၏ ကိုယ်စားလှယ် များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ မူဝါဒချမှတ်သူများ၊ ဖွံ့ဖြိုးရေး ကျွမ်းကျင် ပညာရှင်များ၊ သုတေသီ များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် လေ့လာသူနိုင်ငံများက ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံ၏ Governor များက National Statement များ ပါဝင်ပြောကြားခဲ့ကြောင်းနှင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်သံရုံး၏ သံမှူးကြီး ဦးသန့်စင်ဦး ဦးဆောင်သောအဖွဲ့တို့က လူကိုယ်တိုင် တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။
