ဂျပန်မှ ပင်လယ်စာတင်သွင်းမှုကို ပြန်လည်ပိတ်ပင်လိုက်သည့် တရုတ်
ဂျပန်ဝန်ကြီးချုပ် Sanae Takaichi ၏ ထိုင်ဝမ်အပေါ်မှတ်ချက်နှင့်ပတ်သက်၍ နှစ်နိုင်ငံ သံတမန်ရေးရာ တင်းမာမှုများကြားမှ နိုဝင်ဘာလ ၁၉ ရက်နေ့က တရုတ်သည် ဂျပန်ပင်လယ်စာတင်သွင်းမှုကို ပြန်လည် ရပ်ဆိုင်းလိုက်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်က ဂျပန်၏ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ထုတ်လွှတ်နေသော ရေဒီယိုသတ္တိကြွမှုကို စောင့်ကြည့်ရန် လိုအပ်သည်ဟု ပြောဆိုထားသော်လည်း အဆိုပါစက်ရုံမှ ရေဆိုးထုတ်လွှတ်မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ ဂျပန်ရေထွက်ကုန်များ တင်သွင်းခွင့်ကို ပိတ်ပင်ခဲ့ပြီး ယခုလအစောပိုင်းက ပြန်လည်ဝယ်ယူမှုကို စတင်ခဲ့ခြင်းဖြစ်ပါသည်။
ဂျပန်၊ အစိုးရအဖွဲ့ဝန်ကြီး Minoru Kihara က တရုတ်မှ ဂျပန်အပေါ် ယခုကဲ့သို့ပိတ်ပင်မှုအား ကြိုတင် သတိပေးချက် လက်ခံရရှိခဲ့ခြင်း မရှိကြောင်း၊ ဂျပန်ပင်လယ်စာများကို ချောမွေ့စွာ တင်ပို့ခွင့်ပြုရန် တရုတ်အစိုးရကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါ သည်။
တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Mao Ning က တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် အခြေခံလိုအပ်ချက်ဖြစ်သော ဂျပန်ပင်လယ်စာများ၏ အရည်အသွေးနှင့် ဘေးကင်းမှု သေချာစေရန် "နည်းပညာဆိုင်ရာ အထောက်အထားများ” ကို ဂျပန်က ပြသနိုင်ခြင်းမရှိကြောင်း၊ ဂျပန်ဝန်ကြီးချုပ်၏ မှားယွင်းသော မှတ်ချက်ကြောင့် တရုတ်ပြည်သူများပေါက်ကွဲကာ လက်ရှိအချိန်တွင် တရုတ်သို့ ဂျပန် ပင်လယ်စာတင်ပို့ခွင့်ရသည့်တိုင် ဝယ်ယူမည့်သူမရှိကြောင်း ပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်က ဂျပန်၌ ဖြစ်ပွားခဲ့သည့် နွားရူးရောဂါကြောင့် ဂျပန်အမဲသားအား တရုတ်သို့ တင်ပို့မှု ရပ်ဆိုင်းထားရာ ပြန်လည်စတင်နိုင်ရေး နှစ်ဖက်ဆွေးနွေးပွဲကိုလည်း တရုတ်က ဖျက်သိမ်းလိုက်ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ယခုဆုံးဖြတ်ချက်များမှာ ဂျပန်နှင့် တရုတ် အကြီးတန်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပေကျင်းတွင် တွေ့ဆုံပြီး ဝန်ကြီးချုပ် Takaichi ၏ မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းရန် ပေကျင်း၏ တောင်းဆိုမှုကို တိုကျိုက ပယ်ချခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ယခု မီးပွားကြောင့် ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ဖျော်ဖြေရေးကဏ္ဍများ၊ ပြည်သူအချင်းချင်းတွေ့ဆုံမှုများ၊ ထိခိုက်ခဲ့ပြီး တရုတ်ပြည်သူများက ဂျပန်သို့ သွားရောက်လည်ပတ်ရန်၊ ပညာသင်ကြားရန်နှင့် ဂျပန် ရုပ်ရှင်များ တရုတ်တွင်ထုတ်လွှင့်မှုကို ရွှေ့ဆိုင်းထားမှုကို တရုတ်အစိုးရမှ ပြန်လည်စဉ်းစားရန် တိုက်တွန်းထားပါသည်။ ရှန်ဟိုင်းရှိ ဂျပန်စားသောက်ဆိုင်မန်နေဂျာအချို့က ဂျပန်ပင်လယ်စာတင်သွင်းမှုကို ရပ်ဆိုင်းလိုက်သည့်အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။
ရှန်ဟိုင်းရှိ ဂျပန်စားသောက်ဆိုင်ဖွင့်လှစ်သူများအနက် Ryo Katsuyama ဆိုသူက ဂျပန်နိုင်ငံ Nagasaki စီရင်စုမှ တူနာငါးများကို တင်သွင်းမည်ဟု မျှော်လင့်ထားပြီး တရုတ်စားသုံးသူအချို့သည် စပိန်ပင်လယ် စာထက် ဂျပန်ငါးကို နှစ်သက်ကြကြောင်းပြောကြားခဲ့သည်။ ဂျပန်စားသောက်ဆိုင်မန်နေဂျာ Takashi Ito က နှစ်နိုင်ငံသံတမန်ရေးရာအငြင်းပွားမှုကြောင့် လွန်ခဲ့သည့်ရက်များစွာအတွင်း တရုတ်စားသုံးသူ အရေအတွက် ၁၀ % အထိ ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။
တရုတ်က ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဆိုးထုတ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည့် အနေဖြင့် ပင်လယ်စာတင်သွင်းမှုကို ပိတ်ပင်သည်ဟု ဆိုသော်လည်း ၎င်းတို့နှစ်နိုင်ငံသည် တင်သွင်းမှုကို ဇွန်လမှစ၍ တဖြည်းဖြည်း ပြန်လည်စတင်ရန် သဘောတူညီခဲ့သည်။ ထိုစဉ်က တရုတ်၏ ဆုံးဖြတ်ချက်သည် တရုတ် - အမေရိကန် ကုန်သွယ်ရေးတင်းမာမှုများ အရှိန်ပြင်းထန်လာချိန်၌ ရေပိုင်နက် အငြင်းပွားမှုများနှင့် စစ်ပြီးခေတ် တင်းမာမှုများရှိနေသည့် တိုကျိုနှင့် ဆက်ဆံရေးကို တည်ငြိမ်စေရန် ကြိုးစားခဲ့မှုကို ထင်ဟပ်နေပါသည်။
တရုတ်သည် နိုဝင်ဘာလ အစောပိုင်းက ဂျပန်ပင်လယ်စာများ ပြန်လည်ဝယ်ယူချိန်တွင်လည်း ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သော ငလျင်နှင့် ဆူနာမီအပြီး နျူကလီးယား ဘေးအန္တရာယ်ကာကွယ်ရေးချမှတ်ခဲ့သည် ဖူကူရှီးမား၊ မီယာဂီနှင့် တိုကျို အပါအဝင် ဂျပန် စီရင်စု ၄၇ ခုမှ အဏ္ဍဝါနှင့် အခြား ထုတ်ကုန်များအပေါ် သီးခြားပိတ်ပင်ထားဆဲဖြစ်ပါသည်။
ရင်းမြစ်။ https://english.kyodonews.net
