ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
၁။ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂,၅၀၀) နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များသည် မြန်မာဆန်စပါးအွန်လိုင်း (MyRO) www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရန်လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် အမိန့်အမှတ် (၈၂/ ၂၀၂၄) ကို ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင်များအနေဖြင့် မပျက်မကွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
၂။ မြန်မာဆန်စပါးအွန်လိုင်း (MyRO) စနစ်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော သိုလှောင်ရုံများ အနေဖြင့်လည်း လစဉ်လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများကို MyRO Website ရှိ မိမိ၏ Account တွင် မပျက်မကွက် စာရင်းထည့်သွင်းပေးရန်၊ ပြည့်စုံမှန်ကန်သော အချက်အလက်များကို တာဝန်ယူ၊ တာဝန်ခံ၍ ထည့်သွင်းပေးရန်နှင့် အခါအားလျော်စွာ လာရောက်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသိပေးနှိုးဆော်အပ်ပါသည်။
၃။ အထက်အပိုဒ် (၁) ပါအတိုင်း သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် ပျက်ကွက်လျှင် ဖြစ်စေ၊ အပိုဒ် (၂) ပါ လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းအား ပြည့်စုံမှန်ကန်စွာ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ခြင်း မရှိလျှင်ဖြစ်စေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် (၈၂/ ၂၀၂၄) ပါ သတ်မှတ်ချက်များနှင့်အညီ အရေးယူခြင်း၊ သို့မဟုတ် မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခြင်း၊ သို့မဟုတ် နည်းလမ်းနှစ်ရပ်စလုံးဖြင့် အရေးယူခြင်းကို ဆောင်ရွက်နိုင်ပါသဖြင့် သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် သိရှိလိုသည်များရှိပါက www.myro.com.mm တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးများတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရုံးတွင်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
