အာရှမှ သွင်းကုန်များအပေါ် မက္ကဆီကိုက အခွန်စည်းကြပ်မှုအား တရုတ်နိုင်ငံက စုံစမ်းစစ်ဆေး

 

တရုတ်နိုင်ငံက မက္ကဆီကို၏ သွင်းကုန်ခွန်များသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများ ဖြစ်/မဖြစ်ကို စတင်စုံစမ်းနေပြီဖြစ် သည်။ အမေရိကန်၏ မြင့်မားသော အကောက်ခွန်စည်းကြပ်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းစက်ရုံများကို ကာကွယ်ရန် မက္ကဆီကိုက အာရှကုန်စည် ၁၄၀၀ ကျော်အပေါ် ၅၀ % အထိ အခွန်စည်းကြပ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါနည်းလမ်းက နိုင်ငံအချို့၏ အကျိုးစီးပွားကို ထိခိုက်နိုင်ကြောင်း တရုတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်၏ ထုတ်ပြန်ချက်တွင် လက်ရှိ အမေရိကန်၏ အကောက်ခွန်နှုန်းကြောင့် ပေါ်ပေါက်လာသော တစ်ဖက်သတ်ဝါဒနှင့်အကာအကွယ်ပေးရေးနည်လမ်းများကို ပူးပေါင်းဆန့်ကျင်ရန်နှင့် အတင်းစေခိုင်းမှုများကြောင့် တတိယနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရန်လိုကြောင်း၊ တရုတ်သည် မက္ကဆီကိုနှင့် အမေရိကန်တို့မှ တင်သွင်းသည့် သစ်ကြားသီးစေ့ (Pecans) များကို ဈေးကွက်ပေါက်ဈေးထက် လျှော့ရောင်းချမှု ရှိ/မရှိ စုံစမ်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။ မက္ကဆီကိုသမ္မတ Claudia Sheinbaum က အကောက်ခွန်စည်းကြပ်မှုများသည် အမေရိကန်၏ ဖိအားပေးမှုကြောင့်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က မက္ကဆီကိုအား တရုတ်သွင်းကုန်များအပေါ် ကန့်သတ်မှုများ ပြုလုပ်ရန် ဖိအားပေးနေပြီး အချို့တရုတ်ကုမ္ပဏီများသည် မက္ကဆီကိုကို အသုံးပြုပြီး အမေရိကန်ဈေးကွက်သို့ နောက်ဖေးပေါက်မှ ဝင်ရောက်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားပါသည်။

၂၀၂၄ခုနှစ်တွင် မက္ကဆီကိုသည် တရုတ်နိုင်ငံမှ တန်ဖိုး ကန်ဒေါ်လာ ၁၃၀ဘီလီယံ ရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး အမေရိကန်ပြီးလျှင် ဒုတိယအများဆုံး တင်သွင်းခဲ့ကြောင်း၊ အမေရိကန်ကြောင့် အခြားထိခိုက်မည့်နိုင်ငံများမှာ တောင်ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ ဖြစ်ကြောင်း၊ တရုတ်၏ မက္ကဆီကိုအကောက်ခွန်အပေါ် စုံစမ်းစစ်ဆေးမှုများအရ ဖြစ်ပေါ်လာမည့် အရေးယူမှုများကို သေချာရှင်းလင်းစွာ မသိရသေးပဲ နိုင်ငံစုံစည်းမျဉ်းအရ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတစ်ခုရှိလျှင် ညှိနှိုင်းဆွေးနွေးခြင်းနှင့် အခြားသင့်လျော်သော အစီအမံများ ချမှတ်နိုင်ပါသည်။

ရင်းမြစ်။ https://abcnews.go.com