ကဏ္ဍစုံလွှမ်းခြုံသော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးသဘောတူညီချက် (RCEP) အားအဆင့်မြှင့်နိုင်ရေးအဖွဲ့ဝင်သစ်များလက်ခံရန် စဉ်းစားတော့မည်
ကဏ္ဍစုံလွှမ်းခြုံသော ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးသဘောတူညီချက် (RCEP) ခေါင်းဆောင်များသည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကွာလာလမ်ပူ၌ အောက်တိုဘာလတွင် တွေ့ဆုံမည်ဖြစ်ရာ အဖွဲ့ဝင်သစ်များလက်ခံရန်နှင့် ကုန်သွယ်မှုတိုးတက်ရန် နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှား၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး TengkuZafrul Aziz က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးသည် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် သမ္မတထရမ့်၏ ကွာလာလမ်ပူခရီးစဉ်နှင့် ချိန်ကိုက်ဖြစ်နိုင်ပါသည်။
လေ့လာသူအချို့က RCEP ကို အမေရိကန်၏ အကောက်ခွန်များရှောင်ရှားနိုင်ရန် ကြားခံအဖြစ် သုံးသပ်ကြပြီး တရုတ်က RCEP အဖွဲ့ဝင်များအား အမေရိကန်၏ အခွန်စည်းကြပ်မှုကို နိုင်ငံစုံမူဘောင်အတွင်းမှ လက်ခံရန်တိုက်တွန်းထားသည်။ ဝန်ကြီး TengkuZafrul က တရုတ်ကဲ့သို့ပင် အာဆီယံအဖွဲ့ဝင်များနှင့် ကျန် RCEP အဖွဲ့ဝင်နိုင်ငံများ (ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်၊ ဩစတေးလျ) သည် နိုင်ငံစုံမူဝါဒကို ထောက်ခံအားပေးကြကြောင်း၊ အောက်တိုဘာလအစည်းအဝေး၌ တရုတ်၏ ဩဇာလွှမ်းမိုးမှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Trump သည် အာရှနိုင်ငံများမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ % မှ ၄၀ % အထိသတ်မှတ်ခဲ့ပြီး အာဆီယံ၏ စီးပွားရေးအင်အားကြီး နိုင်ငံအများစုကို အခွန်နှုန်း ၁၉ % တူညီစွာသတ်မှတ်ထားပါ သည်။
ယခုသီတင်းပတ်အတွင်းပြုလုပ်မည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးသို့ အမေရိကန်၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer လည်းတက်ရောက်မည်ဖြစ်ပြီး အမေရိကန်၏ အခွန် စည်းကြပ်မှုကို အဓိကဆွေးနွေးမည်ဟု မျှော်မှန်းထားပါသည်။