“ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇူလိုင် ၂၅
“ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့၊ ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြောင်းသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပြောင်းကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ ပြောင်းတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပါက ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည့်အပြင် ပြည်တွင်းရှိ ဆေးဝါးနှင့် စားသောက်ကုန်များ ထုတ်လုပ်ရာ၌ လိုအပ်သောကုန်ကြမ်းများ တင်သွင်းရမှု ကိုလည်း အစားထိုးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး မူဝါဒ အကောင် အထည်ဖော်မှုကိုလည်း အထောက်အကူပြုလျက် နိုင်ငံ့စီးပွားပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် လက်တွေ့ဆောင်ရွက်နိုင်မည့်အချက်များကို ဖော်ထုတ်နိုင်ရေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့နှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံးက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ ပညာရှင် ၇ ဦး က ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးအရင်းအနှီးထောက်ပံ့မှု၊ မွေးမြူရေးအစားအစာ ထုတ်လုပ်နိုင်မှု၊ ပြည်ပတင်ပို့မှု၊ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သုတေသနပြုစာတမ်းများကို ဖတ်ကြားတင်သွင်း ဆွေးနွေးခဲ့ကြသည်။
ယခုအလုပ်ရုံဆွေးနွေးပွဲကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြောင်းသီးနှံ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အထောက် အကူဖြစ်စေရေးနှင့် ပြောင်းသီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ‒ Public Private Partnership - PPP ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ဆွေးနွေးဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။