၂၀၂၄ ခုနှစ်တွင်း အာရှဖွံ့ဖြိုးဆဲနိုင်ငံများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ ရောထွေး

 

ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (UNCTAD) ၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ထုတ် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင်း အာရှဖွံ့ဖြိုးဆဲနိုင်ငံများ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ကန်ဒေါ်လာ ၆၀၅ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။ ယင်းပမာဏသည် ယခင်နှစ်ကထက် တန်ဖိုးအားဖြင့် ၃ ကျဆင်းခဲ့သော်လည်း အာရှဒေသသည် ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုတွင် ကမ္ဘာ့ထိပ်တန်းနေရာအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် အာရှ၌ ရင်းနှီးမြှုပ်နှံမှုများသည် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄၀ % နှင့် အာရှဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုသည် ၇၀ % ဖြစ်ကြောင်း သိရှိရပါသည်။

ဒေသတွင်းရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများ၌ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု၏ စိန်ခေါ်မှုများ ပေါ်လွင်နေ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မတည်ငြိမ်ပဲ အစိတ်စိတ်ကွဲပြားနေကာ တစ်နေရာတည်း၌ စုပြုံရင်းနှီးမြှုပ်နှံကြပြီး နိုင်ငံအများစု အထူးသဖြင့် ကမ္ဘာ့တောင်ဘက်နိုင်ငံများ နောက်ကျကျန်မည်ကို စိုးရိမ်နေရပါသည်။ အာရှတိုက်သည် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ဝေစုအများစုကို ပိုင်ဆိုင်ထားသော်လည်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေများအရ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်း၊ ဒီဂျစ်တယ်ငွေ စီးဝင်မှုများလာခြင်းနှင့် မူဝါဒ မသေချာမရေရာမှုများ မြင့်တက်လာခြင်း   စသည့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ထင်ဟပ်နေပါသည်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများ ပြောင်းလဲလာခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံများအနက် အရှေ့အာရှရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရှိသည့် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၄ ခုနှစ်တွင် ၂၉ ကျဆင်းခဲ့ပါသည်။ အာဆီယံနိုင်ငံများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဆက်လက်ကောင်းမွန်နေဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၁၀ % (တန်ဖိုး ကန်ဒေါ်လာ ၂၂၅ ဘီလီယံ) မြင့်တက်ခဲ့ကာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကြောင့် တိုးတက်လာခြင်းဖြစ်ပါသည်။ 

တောင်အာရှတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တည်ငြိမ်နေပြီး ပါကစ္စတန်နှင့် သီရိလင်္ကာတို့တွင် တိုးတက်ခဲ့ပါသည်။ အိန္ဒိယ၌ ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ကျဆင်းနေသော်လည်း ၎င်းသည် တောင်အာရှဒေသ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိသည့် နိုင်ငံဖြစ်ပါသည်။ 

အာရှအလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းနေပြီး အဓိကမှာ ကာဇက်စတန်ကြောင့် ဖြစ်ပါသည်။ ယူအေအီးနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်အားကောင်းလာကာ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ နှင့် ဆော်ဒီအာရေးဗီးယား တို့တွင် ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပုံစံများ ကွာခြားပုံ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းများ၏ ၃ ပုံ ၁ ပုံနီးပါးနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၄ ပုံ ၁ ပုံ ကျော်ကို အာရှဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံထားကြောင်း တွေ့ရပါသည်။ ၂၀၂၄ ခုနှစ်တွင် အာရှ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်း အရေအတွက်သည် ၅ % တိုးတက်လာသော်လည်း တန်ဖိုးအားဖြင့် ဒေါ်လာ ၃၆၃ ဘီလီယံ (၂၃ %) ကျဆင်းသွားခဲ့ပါသည်။ ဒီဂျစ်တယ်စီးပွားရေးနှင့် သတ္တုထုတ်လုပ်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်ခဲ့ပြီး လျှပ်စစ်၊ ဓာတ်ငွေ့နှင့် ရေနံထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံတန်ဖိုး ဒေါ်လာ ၇၀ ဘီလီယံကျော် ကျဆင်းခဲ့ပါသည်။

အိန္ဒိယ စီမံကိန်းများအတွက် ငွေလုံးငွေရင်းအသုံးစရိတ်ကို ၂၈% တိုးမြှင့်၍ ဒေါ်လာ ၁၁၀ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ကာတာနှင့် တူရကီနိုင်ငံများ၌လည်း တိုးတက်ခဲ့ကြောင်း၊ အာရှဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အဦနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများအတွက် အရေးကြီးသော နိုင်ငံတကာငွေကြေးထောက်ပံ့မှုမှာ သိသိသာသာ ကျဆင်းခဲ့ပြီး တက်သစ်စနိုင်ငံများ၏ ငွေလုံးငွေရင်းကုန်ကျစရိတ်များ၊ မက်ခရိုစီးပွားရေး၊ ဘဏ္ဍာရေး သို့မဟုတ် နိုင်ငံရေးတို့ကြောင့် စွန့်စားရမှုများအပေါ် မမျှတသော အကျိုးသက်ရောက်စေကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ရင်းနှီးငွေအား ပြန်လည်တည့်မတ်ခြင်း

အစီရင်ခံစာက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အလိုအပ်ဆုံးဖြစ်သော အောက်ပါကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန်  မီးမောင်းထိုးပြထားပါသည် -

  • ကမ္ဘာ့ဘဏ္ဍာရေးမူဘောင်များ ပြုပြင်ပြောင်းလဲခြင်း၊

  • ရောထွေးငွေကြေးနှင့် ဒေသတွင်း ဒီဂျစ်တယ်အခြေခံအဆောက်အအုံများ ပိုမိုအသုံးပြုခြင်း၊

  • ဒီဂျစ်တယ်နှင့် သန့်ရှင်းမှုအကူးအပြောင်းများ (digital and clean transition)မှ နိုင်ငံအားလုံး အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှု မူဘောင်များ ချမှတ်ခြင်း။

ရင်းမြစ်။        https://unctad.org/news/developing-asia-mixed-picture-foreign-investmen…