ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲအတွင်း အာဆီယံသည် တောင်ကိုရီးယား၏ အဓိကပို့ကုန်စျေးကွက်ဖြစ်လာ
အမေရိကန်၏ ပြောင်းလဲလာသော အကောက်ခွန်မူဝါဒများကြောင့် စတင်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲအတွင်း အမေရိကန်နှင့် တရုတ်သို့ တောင်ကိုရီးယား၏ တင်ပို့မှုများ လျော့ကျမှုကိုကာမိစေရန် အာဆီယံနိုင်ငံများသို့ တောင်ကိုရီးယားပို့ကုန်များ တိုးတက်လာသည်ကို ကုန်သွယ်မှုကိန်းဂဏန်းများအရ သိရှိရပါသည်။ ဇန်နဝါရီလမှ မေလအတွင်း တောင်ကိုရီးယားမှ အာဆီယံဒေသသို့ တင်ပို့မှုများသည် အမေရိကန်ဒေါ်လာ ၄၇.၈၈ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၄.၃ % တိုးတက်ခဲ့ကြောင်း ကိုရီးယားနိုင်ငံတကာကုန်သွယ်မှုအသင်း (Korea International Trade Association – KITA) ဖော်ပြထားပါသည်။
အဆိုပါကာလအတွင်း တောင်ကိုရီးယား၏ အမေရိကန်သို့ တင်ပို့မှုများမှာ ၄.၃ % ကျဆင်းခဲ့ပြီး တရုတ်သို့ တင်ပို့မှုများသည်လည်း ၅ % လျော့ကျသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် အာဆီယံနိုင်ငံများသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉.၅၆ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်က တရုတ်သို့ တင်ပို့မှုပမာဏ ၉.၅ ဘီလီယံထက် ကျော်လွန်သွားကာ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း၊ မတ်လတွင်လည်း အာဆီယံနိုင်ငံများသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀.၂၆ ဘီလီယံအထိ ရှိခဲ့ပြီး တရုတ်သို့တင်ပို့မှု ၁၀.၀၆ ဘီလီယံထက် ကျော်လွန်ခဲ့ကြောင်းသိရပါသည်။
မေလတွင် တောင်ကိုရီးယားမှ အမေရိကန်သို့တင်ပို့မှုသည် ယခင်နှစ်ကထက် ၈.၄ % ကျဆင်းကာ အမေရိကန်ဒေါ်လာ ၁၀.၀၅ ဘီလီယံသာရှိခဲ့ကြောင်း၊ အလားတူ တရုတ်သို့ တင်ပို့မှုများလည်း ၈.၁ % ကျဆင်းကာ အမေရိကန်ဒေါ်လာ ၁၀.၄ ဘီလီယံသာရှိခဲ့ကြောင်း၊ အာဆီယံသို့တင်ပို့မှုမှာ ၁.၃ % ကျဆင်းကာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ကိုရီးယားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့အဆိုအရ ယခုနှစ်အတွင်း ကမ္ဘာနှင့်အဝန်း တရုတ်အပေါ် အားထားမှုလျော့ကျလာခြင်း၊ ဒီဂျစ်တယ်စီးပွားရေး အလျင်အမြန်တိုးတက်လာခြင်းနှင့် ဒေသတွင်း၌ အလယ်အလတ်တန်းစား အိမ်ထောင်စုများ တိုးပွားလာခြင်းတို့ကြောင့် အာဆီယံနိုင်ငံများသည် တောင်ကိုရီးယား၏ အကြိုက်ဆုံး ပို့ကုန်ဈေးကွက်ဖြစ်လာကြောင်း၊ အာဆီယံသို့ တင်ပို့သည့် ပစ္စည်းများမှာ လျှပ်ကူးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ စက်ရုပ်များ၊ လျှပ်စစ်ကားဘက်တ္ထရီ အစိတ်အပိုင်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်များဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်အကြား စီးပွားရေးဆက်ဆံမှုလျော့ကျလာချိန်တွင် တရုတ်သည် အာဆီယံ ဈေးကွက်အတွင်း ၎င်း၏ရှိရင်းစွဲနေရာကို ပိုမိုချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း၊ အမေရိကန်ကလည်း တရုတ်မှ တင်သွင်းခြင်းအစား အာဆီယံသို့ ရွှေ့လိုက်သဖြင့် အနာဂတ်တွင် အာဆီယံသည် အမေရိကန်အတွက်လည်း အရေးပါသော ဈေးကွက်ဖြစ်လာနိုင်ကြောင်း KITA ဥက္ကဋ္ဌ Austin Chang ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ရင်းမြစ်။ https://nagalandpost.com