မသေချာမရေရာသောကုန်သွယ်မှုမူဝါဒများကြောင့် ဖွံ့ဖြိုးတိုးတက်မှုအားနည်းကာ ကမ္ဘာ့စီးပွားရေးအလားအလာပြောင်းလဲ
ကုန်သွယ်မှုအတားအဆီးများ များပြားလာခြင်း၊ ဘဏ္ဍာရေးအခြေအနေများ ပိုမိုတင်းကျပ်လာခြင်း၊ ယုံကြည်မှုကျဆင်းခြင်းနှင့် မသေချာသော မူဝါဒများ များပြားလာမှုတို့က ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပြောင်းပြန်အကျိုးသက်ရောက်ကာ ကမ္ဘာ့စီးပွားရေးအလားအလာများ အားနည်းနေကြောင်း OECD ၏ နောက်ဆုံးစီးပွားရေးခန့်မှန်းချက်က ဖော်ပြထားပါသည်။
အဆိုပါခန့်မှန်းချက်အရ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၃.၃ % မှ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များတွင် ၂.၉ % သို့ကျဆင်းနိုင်ကြောင်း၊ စီးပွားရေးကျဆင်းမှုသည် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့တွင် အများဆုံးဖြစ်ပြီး အခြားနိုင်ငံများတွင် အနည်းငယ်ကျဆင်းနိုင်ကြောင်း၊ အမေရိကန်၏ GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၂.၈ % မှ ၂၀၂၅ ခုနှစ်တွင် ၁.၆ % နှင့် ၂၀၂၆ ခုနှစ်တွင် ၁.၅ % သို့လည်းကောင်း၊ ဥရောပ၏ GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၀.၈ % မှ ၂၀၂၅ ခုနှစ်တွင် ၁.၀ % နှင့် ၂၀၂၆ ခုနှစ်တွင် ၁.၂ % သို့လည်းကောင်း၊ တရုတ်၏ GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၅ % မှ ၂၀၂၅ ခုနှစ်တွင် ၄.၇ % နှင့် ၂၀၂၆ ခုနှစ်တွင် ၄.၃ % သို့ ကျဆင်းသွားနိုင်ပါသည်။
အချို့သောနိုင်ငံများတွင် ငွေကြေးဖောင်းပွမှု ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး အကောက်ခွန်တိုးမြှင့်သည့် နိုင်ငံများတွင် ကုန်သွယ်မှုကုန်ကျစရိတ်မြင့်မားမှုမှ ငွေကြေးဖောင်းပွမှု ပိုမိုဆိုးဝါးစေကာ ကုန်ဈေးနှုန်း ကျဆင်းမှုကလည်း မကာမိကြောင်း၊ G20 နိုင်ငံများ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၅ ခုနှစ်တွင် ၆.၂ % မှ ၃.၆ % အတွင်းနှင့် ၂၀၂၆ ခုနှစ်တွင် ၃.၂ % သို့ရောက်ရှိနိုင်ကြောင်း မျှော်မှန်းထားပါသည်။
ခံနိုင်ရည်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာ့စီးပွားရေးသည် ငွေကြေးဖောင်းပွမှုကျဆင်းနေရာမှ မသေချာ မရေရာသောလမ်းသို့ ရွှေ့ပြောင်းသွားကြောင်း၊ နောက်ဆုံးခန့်မှန်းချက်များအရ မူဝါဒ မတည်ငြိမ်မှုများ က ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားနည်းစေကာ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကျဆင်းစေပြီး တိုးတက်မှုအလားအလာများကို တားဆီးနေကြောင်း၊ အစိုးရများအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုစနစ်၏ ပြဿနာများကို အပြုသဘော ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊ စျေးကွက်များ ဖွင့်ထားပြီးယှဉ်ပြိုင်မှု၊ တီထွင်ဖန်တီးမှု၊ ထုတ်လုပ်မှု၊ ထိရောက်မှုနှင့် အဆုံးစွန် ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် စည်းမျဉ်းအခြေခံကမ္ဘာ့ကုန်သွယ်မှု၏ စီးပွားရေးအကျိုးအမြတ်များကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း OECD အထွေထွေအတွင်းရေးမှူး Mathias Cormann ကပြောကြားခဲ့သည်။
OECD ၏ခန့်မှန်းချက်အရ အကောက်ခွန်တိုးမြှင့်ခြင်းနှင့် လက်တုံ့ပြန်ခြင်းများအပါအဝင် ကုန်သွယ်မှု အကွဲကွဲအပြားပြား ဖြစ်ပေါ်နေခြင်းသည် တိုးတက်မှုကို ပိုမိုနှေးကွေးစေပြီး နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးကွင်းဆက်များ၌ သိသာထင်ရှားသော အနှောင့်အယှက်များဖြစ်စေကြောင်း၊ ကုန်သွယ်မှု စရိတ်မြင့်မားသော သို့မဟုတ် အလုပ်သမားစျေးကွက်နှင့် ငွေကြေးမူဝါဒ တင်းကြပ်သောနိုင်ငံများ၌ ငွေကြေးဖောင်းပွမှု ပိုမိုကြာရှည်နိုင်ပြီး တိုးတက်မှုအလားအလာများကို အားနည်းစေနိုင်ကြောင်း၊ ကြွေးမြီမြင့်မားပြီး တင်းကျပ်သော ငွေကြေးအခြေအနေရှိသည့် ဝင်ငွေနည်းနိုင်ငံများအတွက် စွန့်စားရမှုများ ပိုမိုဖြစ်လာနိုင်ကြောင်း၊ အစုရှယ်ယာဈေးကွက်များသည် ကျဆင်းနေရာမှ မကြာသေးမီက ပြန်လည်ကောင်းမွန်လာသော်လည်း မတည်ငြိမ်သေးကြောင်း ဖော်ပြထားပါသည်။
တိုးတက်နိုင်ခြေနှင့်စပ်လျဉ်း၍ ကုန်သွယ်မှုအတားအဆီးအသစ်များကို ပြောင်းပြန်ဆောင်ရွက်ခြင်း၊ ရုရှား - ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းအရေးတို့ကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းတို့က ယုံကြည်မှုပိုတိုးကာ ရင်းနှီးမြှုပ်နှံမှုတိုးလာနိုင်ကြောင်း၊ ကုန်သွယ်မှုစရိတ်တိုးလာမှုကြောင့် လုပ်အားခနှင့် ဈေးနှုန်းတက်လာနိုင်ရာ အဆိုပါဖိအားအတွက် ဗဟိုဘဏ်များအနေဖြင့် နိုးနိုးကြားကြားရှိရမည်ဖြစ်ကြောင်း၊ ရှိရင်းစွဲ ငွေကြေးဖောင်းပွမှုကို ကောင်းစွာထိန်းချုပ်နိုင်သည့်တိုင် ကုန်သွယ်မှုတင်းမာမှုများက ထပ်မံဝန်မပိစေသင့်ကြောင်း၊ ငွေကြေးဖောင်းပွမှုကို အလယ်အလတ်ထိလျော့ချရန်နှင့် စုပေါင်းဝယ်လိုအားတိုးတက်မှု လျော့နည်းရန် ခန့်မှန်းထားသည့် နိုင်ငံများ၌ နှုန်းထားများလျှော့ချရေးမူဝါဒများ ချမှတ်သင့်ကြောင်း၊ အသုံးစရိတ်ဖိအားမျိုးစုံနှင့် ရင်ဆိုင်နေရသော အစိုးရများသည် ကြွေးမြီများအား ရေရှည်ထိန်းထားပြီး လတ်တလော ငွေကြေးဂယက်များကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံအလိုက် ပြန်လည်သတ်မှတ်ထားသော ကာလလတ်လမ်းကြောင်းများအရ အသုံးစရိတ်များအား ပြန်လည်ခွဲဝေရန်နှင့် ဝင်ငွေတိုးမြှင့်စေရန် အရေးကြီးကြောင်း OECDက အကြံပြုထားပါသည်။
ကုန်သွယ်မှုဖိအားများ၊ ပထဝီဝင်နိုင်ငံရေး မသေချာမရေရာမှုများနှင့် တိုးတက်နိုင်ခြေနည်းပါးမှုတို့က လူမှုအဆင့်အတန်းနှင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသည့် မူဝါဒပိုင်းပြုပြင်ပြောင်းလဲမှုများ လိုအပ်မှုကိုဖော်ပြနေပါသည်။ စီးပွားရေးရင်းနှီးမြုပ်နှံမှု၊ ဆန်းသစ်တီထွင်မှုနှင့် ကုန်ထုတ်စွမ်းအားကို ပြန်လည်အားကောင်းလာစေရန် မူဝါဒများချမှတ်သင့်ပါသည်။ OECD စီးပွားရေးပညာရှင် Álvaro Santos Pereira က ကမ္ဘာ့ငွေကြေးအကျပ်အတည်းဖြစ်ပွားစဉ်ကစ၍ ရင်းနှီးမြှုပ်နှံမှုကျဆင်းခဲ့ပြီး မတိုးတက်တော့ကြောင်း၊ ဒစ်ဂျစ်တယ်နှင့် အသိပညာအခြေခံစီးပွားရေးတွင် ပိုမိုရင်းနှီးမြုပ်နှံမှုသည် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်သော်လည်း အများပြည်သူဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ ရပ်တန့်နေခြင်း၊ အိမ်ရာရင်းနှီးမြှုပ်နှံမှုတွင် ဝယ်လိုအားအတိုင်း မရောင်းချနိုင်ခြင်းရှိနေဆဲ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် မူဝါဒအပြောင်းအလဲကို ဆောင်ရွက်မှသာ ၂၁ ရာစုအတွက် ပိုမိုတောင့်တင်းခိုင်မာသော ကမ္ဘာ့စီးပွားရေး ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://www.oecd.org/