ကျောက်ဆည်မြို့နယ်၌ မြှုပ်ခရမ်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ် မျိုးဖြစ်သော ခရမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ခရမ်းသီးကို ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင် ပြီး ယခုအချိန်တွင် ခရမ်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

   ခရမ်းသီးကို စိုက်ပျိုးပြီး ၃ လကျော်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင်တစ်လခွဲအရွယ်တွင် စိုက်ဘောင်၌ ဘောင်ခတ်စနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြ ပြီး မြှုပ်ခရမ်းအသေးမျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၇ သိန်းခန့် ကုန်ကျကြောင်း၊ မြှုပ်ခရမ်းသီးကို ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ် ရပြီး တစ်ဧကလျှင် ပိဿာချိန် ၄,၈၀၀-၅,၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစား များမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်ဒေသတွင်း ရောင်းချမှု အပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ အထွက်နှုန်းနှင့် ဈေးနှုန်းများ ကောင်း မွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း ခရမ်းသီးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

DOCA (မန္တလေး)