အမေရိကန်နှင့် အကောက်ခွန်ကိစ္စဆိုင်ရာကိစ္စများ ဆွေးနွေးရန် အာဆီယံသည် ထိပ်သီးအစည်းအဝေးတစ်ခု စီစဉ်နေကြောင်း မလေးရှားပြောကြား

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်တော်ယာဉ်များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဆေးဝါးတင်သွင်းမှုများအပေါ် အခွန် ၂၅ % တိုးကောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ယင်းအပေါ် အာဆီယံအဖွဲ့ဝင်များက တုံ့ပြန်ဆွေးနွေးနိုင်ရန် ထိပ်သီးအစည်းအဝေးတစ်ရပ် စီစဉ်နေကြောင်း၊ အကောက်ခွန်အသစ်များကြောင့် အမေရိကန်-မလေးရှား ကုန်သွယ်မှုတွင် ၆၀ % ပါဝင်နေသည့် မလေးရှား လျှပ်စစ်ပစ္စည်းများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ အဆိုပါကိစ္စကို ဆောလျင်စွာ မဖြေရှင်းပါက ကြီးမားသောထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း၊ အဆိုပြု အကောက်ခွန်များသည် အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အာဆီယံနိုင်ငံများ၏ အမြင်များကို တင်ပြဆွေးနွေးမည့်ပုံစံအား ညှိနှိုင်းထားရန် လိုအပ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က လွှတ်တော်သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

မလေးရှားသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရပါသည်။ အမေရိကန် ကုန်သွယ်ရေးဌာန၏ အဆိုအရ မလေးရှား-အမေရိကန် ကုန်သွယ်မှုမှာ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၈၀.၂ ဘီလီယံရှိပြီး ယမန်နှစ်က အမေရိကန်သည် မလေးရှားနှင့် ကုန်သွယ်မှုတွင် လိုငွေကန်ဒေါ်လာ ၂၄.၈ ဘီလီယံ ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနအရ သိရပါသည်။

ရင်းမြစ် - https://www.reuters.com/