မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၅)ကျင်းပခြင်း

နေပြည်တော်၊ မတ်လ ၃ ရက်
   မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။ 
အစည်းအဝေးသို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဒုဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ၊  ညွှန်ကြားရေးမှူးချုပ်များ၊ မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
    အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက  နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ် တစ်ရပ်ကို တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ၂၀၂၃ ခုနှစ်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ ၂၀၂၄ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ များကို အာဏာသက်ဝင်နိုင်ခဲ့ပါကြောင်း၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် စာပေအနုပညာဖန်တီးမှုများကို မြှင့်တင်နိုင်စေရန် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တီထွင်ဖန်တီးသူပညာရှင်များ အတွက် မူပိုင်ခွင့်အကာ အကွယ်ပေးသည့် စနစ်တစ်ရပ်ကိုလည်း အခြားသော ဒေသတွင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများနည်းတူ စတင်ကျင့်သုံးအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိကျင့်သုံးနေသည့် မူပိုင်ခွင့်စနစ်သည် နိုင်ငံတကာတွင် သတ်မှတ်ကျင့်သုံးနေသည့် စံများနှင့်ကိုက်ညီရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ လက်ရှိဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေအနေများနှင့်လည်း လိုက်လျောညီထွေမှုရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်တွင် မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများ ဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိကျရာကဏ္ဍများမှ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးနေသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီးသည့် ကဏ္ဍတစ်ရပ် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား မူပိုင်ခွင့်အသိပညာပေးခြင်း၊ တီထွင်ဖန်တီးလိုစိတ်များမြင့်မားစေရန် အားပေးလှုံ့ဆော်ခြင်း၊ တက္ကသိုလ်၊ သုတေသနဌာနများမှ တီထွင်ဖန်တီးမှုများကို ဈေးကွက်တွင် ဖြန့်ဖြူးနိုင်စေရန်အတွက် MSME လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တွင် တည်ဆောင်နေသည့် မူပိုင်ခွင့်စနစ်သည် တစ်မျိုးသားလုံးကို အကျိုးပြုနိုင်စေရန် အသုံးချနိုင်မည့်စနစ် တစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။
   ထို့နောက် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်း (၁/၂၀၂၅)သို့ တင်ပြသည့် အမှာစာ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
   ယင်းနောက်  ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အစည်း အဝေးသို့ တက်ရောက်လာကြသူများက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
   ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။