ဓနုဖြူမြို့နယ်၌ ဘူးပင်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများတို့ကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ဘူးသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဘူးသီးကို နိုဝင်ဘာလတွင် စိုက်ပျိုး၍ ၂ လခွဲခန့်အကြာ ဖေဖော်ဝါရီလမှစတင်၍ ဘူးသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဗမာမျိုးများကို စိုက်ပျိုးကြပြီး စင်တင်စနစ်နှင့် မြေချစနစ် ဟူ၍ရှိရာ စင်တင်စနစ်ဖြင့်သာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဘူးပင်ရေ ၁၈၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ပြီး စင်တင်စနစ်စိုက်ပျိုးရာ၌ အသုံးပြုသည့်ဝါးစင်ကို ၂ နှစ်အတွင်း ပြန်လည်အသုံးပြု နိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၇ သိန်းကျော် ခန့်ကုန်ကျကြောင်း၊ ဘူးသီးကို တစ်လလျှင် ၄ ကြိမ် ခူးဆွတ်ရနိုင်ပြီး ၄ လ အကြာထိ ခူးဆွတ်လျက် ရှိရာ တစ်ဧကလျှင် စုစုပေါင်း ဘူးသီးအလုံးရေ ၄,၁၀၀-၄,၃၀၀ လုံးခန့်ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဓနုဖြူမြို့နယ်နှင့် ပန်းတနော် မြို့နယ်အတွင်းရှိ ကုန်စိမ်းလက်ကားဆိုင်များ၊ ဘူးသီးကြော် ဆိုင်များသို့ ရောင်းချလျက်ရှိရာ ဘူးသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် သက်သာ၍ အကျိုးအမြတ် ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)