ထရမ့်၏ ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည်ဖြစ်

 

စင်ကာပူအခြေစိုက် Think Tank အဖွဲ့ဖြစ်သော Fulcrum ၏ သတင်းဆောင်းပါးတစ်ပုဒ်တွင် ထရမ့်၏ ကုန်သွယ်ရေးဆိုင်ရာ ကနဦးဆောင်ရွက်ချက်များကို မက္ကဆီကို၊ ကနေဒါ၊ တရုတ်၊ ကိုလံဘီယာတို့က ဦးဆုံးရင်ဆိုင်ကြုံတွေ့ခဲ့ကြရသော်လည်း အရှေ့တောင်အာရှနိုင်ငံများသည် ကင်းလွတ်နေသေးကြောင်း၊ သို့သော် ကုန်သွယ်ရေးမဟုတ်သော မျှော်မှန်းမရသည့် ကိစ္စများကို ထပ်မံတိုးချဲ့လာပါက အရှေ့တောင်အာရှဒေသသည် ယောက်ယက်ခတ်သွားနိုင်ကြောင်း၊ ထရမ့်က ဥရောပသမဂ္ဂနှင့် မိတ်ဖက်များကိုလည်း အခွန်စည်းကြပ်သွားမည်ဟု သတိပေးထားကြောင်း ဖော်ပြထားပါသည်။

ဆက်လက်၍ ဆောင်းပါးရှင်က အမေရိကန်နှင့် အရှေ့တောင်အာရှနိုင်ငံများ ကုန်သွယ်မှုတွင် အထူးသဖြင့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ကုန်သွယ်ရေး ပိုငွေပြနေသဖြင့် ကုန်သွယ်ရေးချိန်ခွင် လျှာညီရန် ဟူသော ထရမ့်အစီအစဉ်တွင် အဆိုပါနိုင်ငံများက  ထိပ်ဆုံးပြဿနာ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းနိုင်ငံများအနေဖြင့်  အမေရိကန်က ဖိအားပေးလာမည့် အခွန်ခြိမ်းခြောက်မှုနှင့် အခြားကိစ္စရပ်များအပေါ် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ထရမ့်က အမေရိကန်သို့ တင်သွင်းလာသည့် သွင်းကုန်မှန်သမျှအပေါ် အခွန်မှရသည့် အခွင့်အရေးများကို ထုတ်နုတ်ယူလိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဥပမာအနေဖြင့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အား တရားမ၀င်လူဝင်မှုကြီးကြပ်ရေးနှင့် မူးယစ်ဆေးဝါးတို့အတွက် အဓိကပစ်မှတ်ထားခြင်း၊ ကိုလံဘီယာနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရသူများအား အမေရိကန်စစ်လေယာဉ်များဖြင့် ပို့ဆောင်ပေးရန်အပေါ် အငြင်းပွားမှုဖြစ်ခဲ့ခြင်း၊ ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်လိုခြင်းတို့သည် ကုန်သွယ်ရေးနှင့် တိုက်ရိုက်မပတ်သက်သော်လည်း အတိအလင်း သို့မဟုတ် သွယ်ဝိုက်သော အကောက်ခွန်ခြိမ်းခြောက်မှုများ ပါဝင်နေကြောင်း၊ NATO နှင့်ကိစ္စတွင်လည်း အမေရိကန်နိုင်ငံ၏ အကာအကွယ်ပေးမှုကို လိုချင်ပါက ငွေကြေးပေးခြင်း သို့မဟုတ် ယူကရိန်း၏ သဘာဝရင်းမြစ်များကို အမေရိကန်ထိန်းချုပ်မှုအောက်သို့ ပေးခြင်းတို့ ဆောင်ရွက်သင့်ကြောင်း အမေရိကန်က တောင်းဆိုထားပါသည်။

အမေရိကန်သည် အရှေ့တောင်အာရှတွင်လည်း လုံခြုံရေးဆိုင်ရာကတိကဝတ်များရှိရာ တောင်တရုတ် ပင်လယ်အရေးကြောင့် ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံတို့အကြား အငြင်းပွားမှုများတွင် မဟာမိတ်ဖိလစ်ပိုင်ကို ကာကွယ်ရန် အမေရိကန်က တာဝန်ရှိရာ ငွေကြေး သို့မဟုတ် အကောက်ခွန်နှင့်ကာကွယ်ပေးမည့် မူဝါဒကို ထိန်းသိမ်းထားကြောင်းသိရှိရပါသည်။

ထရမ့်၏ မူဝါဒဖြစ်သော Everything is on the table (အားလုံးကိုပေးထားပြီးဖြစ်သည်) အရ ဒေသတွင်းခေါင်းဆောင်များသည် တရုတ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ထရမ့်နှင့် မလိုလားအပ်သောကိစ္စများ ဖြစ်လာနိုင်သည်ကို နားလည်သင့်ကြောင်း၊ ဒေသတွင်းနိုင်ငံများသည် တရုတ်၏ နည်းပညာဆိုင်ရာ တားမြစ်ကန့်သတ်ချက်များ တိုးပွားလာမှုကို ထောက်ခံနေခြင်းဖြင့် တရုတ်အား ကူညီနေသည်ဟု ထရမ့်က ယုံကြည်နေကြောင်း၊ မကြာသေးမီက တရုတ်၏ နာမည်ကြီး AI စနစ် Deep Seek ကို စင်ကာပူရှိ ကြားခံအဖွဲ့များမှတစ်ဆင့် ပိတ်ပင်ထားသော ချစ်ပ်များအား ဝယ်ယူခဲ့သည်ဆိုကာ အမေရိကန်က စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဟု သိရှိရပါသည်။ အခြားနိုင်ငံများ အထူးသဖြင့် BRICS အဖွဲ့ဝင်များသည်လည်း အလားတူ လုံခြုံရေးအရ စိစစ်မှုများ ကြုံရနိုင်ကြောင်း၊ အမေရိကန်အစိုးရမူဝါဒနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအကြား တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်လျှင် ယခင်က Firewall ဖြင့် ကြားခံရန်လိုသော်လည်း ယခုအခါ Firewall မသုံးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းမဟုတ်ဟု အံ့ဩစရာ ပြောင်းလဲခဲ့ကြောင်း သတင်းတွင် ဖော်ပြပါရှိပါသည်။

ရင်းမြစ်။ https://fulcrum.sg/