ကျောက်ဆည်ခရိုင်တွင် မြှုပ်သခွား (ခေါ်) သခွားသီးအရှည်သီးများ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် မြှုပ်သခွား (ခ) သခွားအရှည်သီးများကို စိုက်ပျိုးကြကြောင်း သိရသည်။
သခွားအရှည်သီးကို ရာသီမရွေး စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် သခွားသီးများစတင်၍ ခူးဆွတ်နိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ၃၅၀,၀၀၀-၄၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ သခွားသီးကို ၂ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် သခွားသီးအလုံးရေ ၃၀၀-၃၅၀ လုံးအထိ ထွက်ရှိရာ တစ်ဧကလျှင် စုစုပေါင်း သခွားသီးအလုံးရေ ၆,၀၀၀-၇,၀၀၀ လုံးခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျသက်သာပြီး မိသားစု အပိုဝင်ငွေရရှိသော မြှုပ်သခွားသီး (ခ) သခွားသီးအရှည်သီးကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး တောင်သူ များ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
DOCA (မန္တလေး)