“စားသုံးသူကာကွယ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်” ကျင်းပပြုလုပ်ခြင်း
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်(၁၀:၀၀) နာရီ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ခန်းမ၌ “စားသုံးသူကာကွယ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်” ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အသိပညာပေးအစီအစဉ်၌ ရှမ်းပြည်နယ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ဦးခွန်သိန်းမောင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် “မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် တိုးတက်ပြောင်းလဲလာမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်များပြားလာကြောင်း၊ ပုဂ္ဂလိပိုင်လုပ်ငန်းများ များပြားလာသည့်အတွက် ဈေးကွက်ထဲတွင်လည်း ယှဉ်ပြိုင်မှုများလာပါကြောင်း၊ ၎င်းတို့အနက် လုပ်ငန်း/ကုမ္ပဏီအချို့က အရည်အသွေးမကောင်းသော ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ မမှန်ကန် သော သတင်းအချက်အလက်များ ကြော်ငြာရောင်းချခြင်း၊ ဈေးနှုန်းများ အလွန်အမင်းမြှင့်တင်ရောင်းချခြင်းနှင့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော လုပ်ရပ်များ ဆောင်ရွက်နေမှုများအပေါ် ထိန်းကျောင်းအရေးယူရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများ ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက်ကြောင့် ဥပဒေဖြင့်အညီ လိုက်နာကျင့်သုံး၍ လုပ်ငန်းများဆောင်ရွက်ကြရန်” မှာကြားလိုပါကြောင်းပြောကြားခဲ့ပါသည်။
အသိပညာပေးအစီအစဉ်တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိရွှေစင်က ယှဉ်ပြိုင်မှုဥပဒေပေါ်ပေါက်လာပုံနှင့် ယှဉ်ပြိုင်မှုဥပဒေ ရေးဆွဲပြဋ္ဌာန်းခဲ့မှုအခြေအနေများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာသုတအောင်က ယှဉ်ပြိုင်မှုဥပဒေ၏ အကျိုးကျေးဇူးနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများက စားသုံးသူကာကွယ်ရေးနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
“စားသုံးသူကာကွယ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ်” သို့ ရှမ်းပြည်နယ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ အစိုးရဌာနအဖွဲ့အစည်းများမှ ဌာနဆိုင်ရာ အရာရှိများ၊ ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက တက်ရောက်ခဲ့ကြပါသည်။