စားအုန်းဆီနှင့် နောက်ဆက်တွဲနှလုံးရောဂါ

     

   စားသုံးဆီသည် မြန်မာတို့၏ နေ့စဉ်ကြော်လှော်ချက်ပြုတ်ရာတွင် မရှိမဖြစ် အခြေခံစား သောက်ကုန်တစ်ခုဖြစ်ပါသည်။ စားသုံးဆီဟုဆိုရာ၌ ရှေးအစဉ်အဆက် ဘိုးဘေးများလက်ထက်မှပင် စားသုံးလာကြသည့် ပြည်တွင်းဖြစ်မြေပဲဆီနှင့် နှမ်းဆီတို့အပြင် ခေတ်ကာလလိုအပ်ချက်အရ ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီစသည်တို့လည်း ပါဝင်နေပါသည်။

   မြန်မာတို့၏ စားသုံးဆီ စားသုံးရခြင်းအပေါ် နှစ်သက်မြတ်နိုးမှုကို “ဆီရွှဲ ဖွဲတောင် ဟင်းဖြစ်” ဆိုသည့်စကားရပ်က သက်သေခံနိုင်ပါသည်။ ထို့ပြင် ဟင်းချက်စားရာ၌ ဆီနည်းနေသည့်အခါ ဆီပြန် ဟင်းမဖြစ်ဘဲ ခြောက်ခြောက်ကပ်ကပ်ဖြစ်နေပါက “ဆီမပါ ပြားမပါ” ဟု ထုတ်ဖော်ပြောဆိုရလောက် အောင် စိတ်မကျေနပ်မှုကို ပြသတတ်ကြပါသည်။ ဤမျှလောက် စားသုံးဆီစားသုံးမှုကို နှစ်သက်ကြ သော မြန်မာပြည်သူများအနေဖြင့် “မိမိတို့ ဝယ်ယူသုံးစွဲနေသော စားသုံးဆီအမျိုးမျိုးတို့၏ အရည် အသွေးပိုင်းဆိုင်ရာ အကြောင်းအရာများသည် မိမိတို့ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်” ဟူသောအချက်ကို နှလုံးသွင်းထားရမည် ဖြစ်ပါသည်။

   စားသုံးဆီတို့၏ အရည်အသွေးပိုင်းဆိုင်ရာ အကြောင်းအရာများကို လေ့လာကြည့်မည်ဆို လျှင် စားသုံးဆီတစ်မျိုးချင်းစီ၏ အဆီအက်စစ်များ ဖွဲ့စည်းပုံနှင့် ပါဝင်မှုအချိုးအစားတို့က အဓိကကျ လှပါသည်။ စားသုံးဆီသည် ဓာတုဗေဒဖွဲ့စည်းပုံအရ အဆီအက်စစ် (Fatty Acid) နှင့် ဂလစ်စရော (Glycerol) တို့ ပေါင်းစပ်ပါဝင်နေပါသည်။ ယင်းအဆီအက်စစ်အပိုင်းတွင် မပြည့်ဝမှုတစ်ခုပါသော အဆီအက်စစ် (Mono Unsaturated Fatty Acid)၊ မပြည့်ဝမှုတစ်ခုထက်ပိုသော အဆီအက်စစ် (Poly Unsaturated Fatty Acid) နှင့် ပြည့်ဝအဆီအက်စစ် (Saturated Fatty Acid) များသည် အချိုးအစား အမျိုးမျိုးတို့ဖြင့် ပါဝင်ပေါင်းစပ်လျက် တည်ရှိကြပါသည်။ ၎င်းတို့၏ ပေါင်းစပ်မှုအချိုးပေါ်မူတည်၍ စားသုံးဆီများ၏ အရည်အသွေးနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ကွဲပြားနေရခြင်း ဖြစ်ပါသည်။

   မြန်မာ့စားသုံးဆီဈေးကွက်တွင် အရောင်းရဆုံးစားသုံးဆီအမျိုးအစားသည် စားသုံးသူများ သုံးစွဲမှုအများဆုံးစားသုံးဆီဖြစ်သည်ဟုဆိုလျှင် မှားသည်ဟု ငြင်းနိုင်မည် မဟုတ်ပါ။ မှန်ပါသည်ဟုပင် အတည်ပြုရမည်ဖြစ်ပါသည်။ ယင်းစားသုံးဆီမှာ “စားအုန်းဆီ” ဖြစ်ပါသည်။ စားအုန်းဆီပြီးလျှင် မြေပဲဆီသည် သုံးစွဲမှုအများဆုံးဆီဖြစ်ပါသည်။

   မြန်မာစားသုံးသူတို့ အများဆုံးစားသုံးကြသည့်စားအုန်းဆီသည် ဆီအုန်းသီး၏ အသားပိုင်း အား ကြိတ်ချေခြင်းမှ ရရှိလာသည့်ဆီကြမ်းအား နည်းပညာသုံး၍ အဆင့်ဆင့်ပြန်လည်သန့်စင်ပြီးမှ ရရှိလာခြင်းဖြစ်ပါသည်။ ဆီကြမ်း (Crude Oil) အဆင့်တွင် အနီရောင်အဖြစ် ခပ်ပျစ်ပျစ်တည်ရှိပြီး သန့်စင်ပြီးသောဆီချော (RBD Palm Oil) အဆင့်တွင် အဝါရောင်အဖြစ် ပြောင်းလဲလာကာ အရည်နှင့် အနှစ်ပိုင်း တွဲဆက်လျက် (Semi-solid) တည်ရှိပါသည်။ ၎င်းကို အအေးခံ၍ အရစ်ကျခွဲထုတ်ခြင်း (Fractionation) ပြုလုပ်ပြီးမှသာ ဆီအရည်ပိုင်း (RBD Palm Olein) ကို ရရှိနိုင်ပါသည်။

   သန့်စင်ပြီးသောဆီချောများ (RBD Palm Oil) နှင့် အအေးခံခွဲထုတ်ပြီးသော ဆီအရည်ပိုင်း (RBD Palm Olein) တို့သည် ဆီကြမ်းအဆင့်တွင် ပါဝင်နေသည့် မကောင်းသောအချဉ်ဓာတ်၊ အချွဲ ဓာတ်၊ အနံ့နှင့် အရောင်တို့ကင်းစင်ပြီးဖြစ်သောကြောင့် စားသုံးဆီအဆင့်ဟု သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့၏ ဓာတုဖွဲ့စည်းပုံကို CODEX STANDARD စံချိန်စံညွှန်းတွင် လေ့လာမည်ဆိုပါက Palm Oil တွင် Palmitic ပြည့်ဝအဆီအက်စစ် (39.3-47.5)၊ Stearic ပြည့်ဝအဆီအက်စစ် (3.5-6.0) နှင့် Oleic မပြည့်ဝအဆီအက်စစ် (36.0-44.0) ပါဝင်နေပါသည်။ ထိုနည်းတူ Palm Olein တွင် Palmitic ပြည့်ဝအဆီအက်စစ် (38.0-43.5)၊ Stearic ပြည့်ဝအဆီအက်စစ် (3.5-5.0) နှင့် Oleic မပြည့်ဝအဆီအက်စစ် (39.8-46.0) ပါဝင်နေကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

   စားသုံးဆီဈေးကွက်တွင် ဒုတိယရောင်းအားအကောင်းဆုံးဖြစ်သည့် မြေပဲဆီကို အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ (ဂဲ) သန့်စင်ပြီးသော အခွံချွတ်ပြီး မြေပဲဆန်ကို မိရိုးဖလာအတိုင်း ဆုံဖြင့်ကြိတ်၍ ဖြစ်စေ၊ ခေတ်မီစက်ဖြင့် ကြိတ်၍ ဖြစ်စေရရှိနိုင်ပါသည်။ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အောက်ရှိသော ထုတ်လုပ်မှုဖြစ်စဉ်ကို အသုံးပြုထားသောကြောင့် အအေးကြိတ် သဘာဝဆီရိုင်း (Cold Pressed Virgin Oil) အဖြစ် တန်ဖိုးထားစားသုံးကြပါသည်။ ၎င်း၏ ဓာတုဖွဲ့စည်းပုံမှာ CODEX စံချိန်စံညွှန်းအရ Palmitic ပြည့်ဝအဆီအက်စစ် (8.0-14.0)၊ Stearic ပြည့်ဝအဆီအက်စစ် (1.0-4.5)၊ Oleic မပြည့်ဝ အဆီအက်စစ် (35.0-69.0)၊ Linoleic မပြည့်ဝမှုတစ်ခုထက်ပိုသော အဆီအက်စစ် (12.0-43.0) တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရပါသည်။

   “အစာလည်းဆေး၊ ဆေးလည်းအစာ” ဟု အယူအဆဖြင့် စားသောက်တတ်ကြသည့် မြန်မာ တို့၏ မိရိုးဖလာစားသုံးဆီတစ်မျိုးဖြစ်သောနှမ်းဆီကို နှမ်းစေ့လေးများအား ကြိတ်၍ ထုတ်ယူရရှိနိုင် ပါသည်။ နှမ်းစေ့လေးများကို အခွံချွတ်၍ ကြိတ်သကဲ့သို့ အခွံပါအတိုင်းလည်း ကြိတ်ကြပါသည်။ နှမ်းဆီသည်လည်း အအေးကြိတ်သဘာဝဆီရိုင်းဖြစ်ပြီး ၎င်း၏ ဓာတုဖွဲ့စည်းပုံသည် CODEX စံချိန် စံညွှန်းအရ Palmitic ပြည့်ဝအဆီအက်စစ် (7.9-12.0)၊ Stearic ပြည့်ဝအဆီအက်စစ် (4.5-6.7)၊ Oleic မပြည့်ဝ အဆီအက်စစ် (34.4-45.5)၊ Linoleic မပြည့်ဝမှုတစ်ခုထက်ပိုသော အဆီအက်စစ် (36.9-47.9) တို့ ပါဝင်နေပါသည်။

   စားသုံးဆီတွင် ပါဝင်ဖွဲ့စည်းထားကြသော အဆီအက်စစ်များစွာရှိသည့်အနက် ရာခိုင်နှုန်း အများဆုံးဖြင့်ပါဝင်နေသော အဆီအက်စစ်အမျိုးအစားသည် ၎င်းစားသုံးဆီ၏ ဝိသေသလက္ခဏာ၊ ဂုဏ်အရည်အသွေးနှင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတို့ကို အဆုံးအဖြတ်ပေးရာတွင် များစွာသက်ရောက်မှုရှိစေပါသည်။ Palmitic အက်စစ်သည် ကာဗွန်အရေအတွက် ၁၆ လုံးပါသော ပြည့်ဝအဆီအက်စစ်အမျိုးအစားဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားစေသော သွေးတွင်းကိုလက်စထရော မြင့်မားမှုနှင့် ဆက်စပ်နေပါသည်။ Oleic Acid သည် ကာဗွန် ၁၈ လုံးပါပြီး မပြည့်ဝမှုတစ်ခုရှိသော မိုနို မပြည့်ဝအဆီအက်စစ် (Mono Unsaturated Fatty Acid) အမျိုးအစားဖြစ်ပါသည်။ နှလုံးကျန်းမာရေး ကို များစွာအထောက်အကူပြုသော အဆီအက်စစ်ဟုလည်း မှတ်သားဖူးပါသည်။ ထို့ပြင် မပြည့်ဝမှု တစ်ခုထက်ပို၍ ပါဝင်ပြီး ကာဗွန် ၁၈ လုံးရှိသော Linoleic Acid သည်  Poly Unsaturated Fatty Acid ဖြစ်ကာ နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုပြီး သွေးအတွင်းရှိ မကောင်းသောကိုလက် စထရောပါဝင်မှုကိုလည်း လျော့ကျစေနိုင်ပါသည်။

   ဤသို့ဆိုလျှင် စားသုံးသူမိဘပြည်သူများအနေဖြင့် မိမိတို့နှစ်သက်စွာ ဝယ်ယူစားသောက်နေ သော ဆီအမျိုးအစားများ၏ ဂုဏ်အရည်အသွေးများကို နှိုင်းယှဉ်စဉ်းစားနိုင်မည်ဖြစ်ပါသည်။ စားအုန်း ဆီတွင် ပါဝင်သော ပြည့်ဝအဆီအက်စစ်များ၏ ပမာဏသည် မြေပဲဆီ၊ နှမ်းဆီတို့ထက် များစွာ မြင့်တက်နေသည်ကို တွေ့ရှိနိုင်သကဲ့သို့ မြေပဲဆီနှင့် နှမ်းဆီတို့တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြု မပြည့်ဝအဆီအက်စစ်အမျိုးအစားများသည် စားအုန်းဆီတွင် ပါဝင်မှု ပိုနည်းနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့် စားအုန်းဆီကို နှစ်ရှည်လများ ပမာဏအတိုင်းအတာ အချိန်အဆမရှိဘဲ စားသောက်နေကြသူများအနေဖြင့် မိမိတို့၏ သွေးတွင်းကိုလက်စထရောအတိုင်းအတာနှင့် နှလုံး အခြေအနေတို့ကို စစ်ဆေးထားသင့်ပါသည်။

   ကျန်းမာရေးစစ်တမ်းကောက်ယူချက်များအရ မြန်မာနိုင်ငံ၏ သေဆုံးမှုအများဆုံး ၁၀ မျိုးတွင် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး သုတေသနတွေ့ရှိချက် များအရ စားအုန်းဆီတွင် ပါဝင်သော ကိုလက်စထရောပမာဏသည် အခြားဟင်းသီးဟင်းရွက်ဆီများ အောက်နည်းသော်လည်း ၎င်းတွင် ပြည့်ဝဆီများစွာ ပါဝင်နေသောကြောင့် နှလုံးရောဂါ၊ နှလုံးသွေး ကြောကျဉ်းရောဂါနှင့် သွေးတိုးရောဂါတို့ကို ပိုမိုဖြစ်နိုင်စေကြောင်း လေ့လာသိရှိရပါသည်။

   ကမ္ဘာ့နိုင်ငံများ၏ စားအုန်းဆီရောင်းဝယ်မှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံသည် စုစုပေါင်းစားသုံးဆီသုံးစွဲမှု ၆၃၀,၀၀၀ MT ဝန်းကျင် ရှိခဲ့ပြီး ၎င်း၏ ၉၀% မှာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းသော စားအုန်းဆီများဖြစ် ကြောင်း၊ ၂၀၀၈ ခုနှစ်အတွင်း စားသုံးဆီတင်သွင်းမှုအတွက် ဒေါ်လာသန်းပေါင်း ၅၅၀ သုံးစွဲခဲ့ရာ ယင်း ၏ ၈၈% သည်လည်း မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများဖြစ်ကြောင်း၊ ပြည့်ဝဆီ စားသုံးခြင်း၏ အကျိုးသက်ရောက်မှုအနေဖြင့် ၎င်းနိုင်ငံအတွင်း နှလုံးရောဂါ (Cardiovascular Disease) ခံစားရသူ များပြားလာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

   စားအုန်းဆီသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဟင်းချက်ဆီ (Cooking Oil) အုပ်စုတွင်ပါဝင်သော စားသုံးဆီဖြစ်သော်လည်း ကျန်းမာရေးအထောက်အကူပြုစားသုံးဆီ (Healthy Oil) အုပ်စုဝင်အဖြစ် ရပ်တည်နိုင်ခြင်း မရှိခဲ့သည်မှာ ၎င်းတွင် ပမာဏများစွာပါဝင်နေသော ပြည့်ဝဆီကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) တို့ကလည်း ပြည့်ဝဆီအလွန်အကျွံစားသုံးခြင်းသည် နှလုံးရောဂါခံစားရန် ဖြစ်နိုင်ချေများ ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

   ဆီကို စား၍ အသားမဖြစ်သော်လည်း နေ့စဉ်လှုပ်ရှားသွားလာမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သောစွမ်းအင်ကို ရရှိနိုင်ရန် စားသုံးဆီကို မစားမဖြစ် စားနေကြရမည်ဖြစ်ပါသည်။ သို့သော် လည်း မိမိတို့၏ ကျန်းမာရေးကို ရှေးရှုပြီး ပြည့်ဝဆီများကို ရှောင်ရှားကြရမည်ဖြစ်ပါသည်။ တစ်ဖက် တွင်လည်း မပြည့်ဝဆီ အများအပြားပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူပေးနိုင်သော ပြည်တွင်း ဖြစ် မြေပဲဆီ၊ နှမ်းဆီတို့ကို ရွေးချယ်ဝယ်ယူကာ အနည်းဆုံးပမာဏ လျှော့ချပြီး စားသောက်နေထိုင် သွားသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။