၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ဝန်ဆောင်မှုကုန်သွယ်ရေးတိုးတက်မှု အမြင့်ဆုံးသို့ရောက်ရှိ
၂၀၂၄ ခုနှစ် တတိယ သုံးလပတ်အတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေးသည် ၂ % သာ တိုးတက်ခဲ့ သော်လည်း ဝန်ဆောင်မှုကုန်သွယ်ရေးသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၏ တိုးတက်မှုကို အခြေခံ လျက် ပြီးခဲ့သည့်နှစ်ထက် ၁၀ % တိုးမြင့်ခဲ့ပါသည်။ ဝန်ဆောင်မှုတင်ပို့ရာတွင် အာရှသည် ၁၆ %၊ ဥရောပသည် ၈%၊ မြောက်အမေရိက၊ တောင်အမေရိက၊ အလယ်အမေရိကနှင့် ကာရေဘီယံတို့သည် ၇% စီ တိုးတက်ခဲ့ပြီး ကွဲပြားသော ဝန်ဆောင်မှုအမျိုးအစားများကိုလည်း ၀ယ်လိုအားမြင့်တက်ခဲ့ ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝန်ဆောင်မှုကုန်သွယ်ရေး စာရင်းများက ဖော်ပြထားပါသည်။
၂၀၂၄ခုနှစ်၊ တတိယသုံးလပတ်တွင် ပင်လယ်ရေကြောင်းလမ်းအခက်အခဲများကြောင့် သင်္ဘောတင်ခ များသည် အာရှတွင် ၃၂ %၊ တရုတ်နိုင်ငံတွင် ၄၇ %၊ စင်ကာပူတွင် ၄၀ % စံချိန်တင် ကြီးမြင့်ခဲ့ပြီး ယေဘုယျအားဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ၁၄% မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွား စရိတ်သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ကပ်ရောဂါမတိုင်မီကာလကထက် ၁၅ % ပိုမိုမြင့်မား ခဲ့ပြီး တတိယသုံးလပတ်၌ ၁၀ % တိုးတက်ခဲ့ကြောင်း၊ ကပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံများမှ ဗီဇာ ကင်းလွတ်ရေးအစီအစဉ်များ ဆက်လက်ကျင့်သုံးနေမှုကြောင့် ခရီးသွားလုပ်ငန်း တည်ငြိမ်စွာ တိုး တက်နေပြီး ၂၀၂၄ ခုနှစ်ကုန်၌ ၂၀၁၉ ခုနှစ်အဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဥရောပ၏ ခရီးသွားလာမှုသည် ၂၀၂၃ခုနှစ်ထက်၇ % တိုးတက်လာခဲ့ပြီး ဂျာမနီတွင် ကျင်းပခဲ့သော ဥရောပဖလားဘောလုံးပြိုင်ပွဲ (UEFA European Football Championship)နှင့် ပြင်သစ်တွင် ကျင်းပ ခဲ့သော အိုလံပစ်ပြိုင်ပွဲများကြောင့်ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများဖြစ်သော နမီးဘီးယား၏ ခရီးသွား လုပ်ငန်းသည် ၃၂ % ၊ မော်ရော်ကိုခရီးသွားလုပ်ငန်းသည် ၁၉ % ၊ တန်ဇန်းနီးယား ခရီးသွားလုပ်ငန်း သည် ၁၈ % တိုးတက်ခဲ့ကြောင်း၊ အခြားစီးပွားရေးဝန်ဆောင်မှု ၆၀ % မှာ တတိယသုံးလပတ်တွင် ၈ %တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဒီဂျစ်တယ်ဝန်ဆောင်မှုများဖြစ်သော ကွန်ပျူတာ၊ ဘဏ္ဍာရေး၊ စီးပွားရေးလုပ်ငန်းနှင့် အာမခံ ဝန်ဆောင်မှုများ သည် တိုးတက်မှုတွင် အဓိကကျပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကွန်ပြူတာဝန်ဆောင်မှုတင်ပို့မှုသည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးဖြစ်ကာ ကမ္ဘာနှင့် အဝှမ်း ၁၃% တိုးတက်လာကြောင်း၊ အထူးသဖြင့် အင်ဒိုနီးရှားတွင် ၇၇ %၊ မောရစ်ရှပ်စ်တွင် ၃၇ % နှင့် အမေရိကန်တွင် ၁၈ %၊ ဥရောပသမဂ္ဂတွင် အများဆုံး တင်ပို့သည့် အိုင်ယာလန် ပါဝင်ပါက ၁၅ % နှင့် မပါပါက ၁၀ % တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
ကုမ္ပဏီများသည် သတင်းအချက်အလက်နည်းပညာ (IT) ဆိုင်ရာ ဝန်ဆောင်မှုများနှင့် ဆော့ဖ်ဝဲလ် ရေးဆွဲခြင်းတို့ကို ပြင်ပမှ ဝယ်ယူကြပြီး E-commerce နှင့် ဒီဂျစ်တယ်ပလက်ဖောင်းများကို ဖွံ့ဖြိုးဆဲ နိုင်ငံများကပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြပါသည်။ chatbots ၊ စက်ဖြင့်သင်ယူမှု၊ ခန့်မှန်း ချက်များ၊ ခွဲခြမ်းစိတ်ဖြာမှုများ၊ ဆိုက်ဘာလုံခြုံရေး စသည်တို့အတွက် AI ကို ပိုမို အသုံးပြုလာကြပြီး စီးပွားရေးလုပ်ငန်းများမှ နည်းပညာအသစ်များ သုံးစွဲနေသရွေ့နှင့် စားသုံးသူများက ဒီဂျစ်တယ်ဖြင့် အဖြေရှာခြင်းတို့ကို ပိုမိုနှစ်သက်နေသရွေ့ အထက်ပါ နည်းလမ်းများ ဆက်လက်အသုံးပြုနေကြမည် ဖြစ်ကြောင်း ကမ္ဘာကုန်သွယ်ရေးအဖွဲ့က သုံးသပ်ထားပါသည်။