လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်တော့မည့် အိန္ဒိယနှင့် ဗြိတိန်
အိန္ဒိယ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဆိုအရ အိန္ဒိယနှင့် ဗြိတိန်တို့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ကတည်းကစတင်ခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီဆိုင်ရာ ဆွေးနွေးပွဲများကို ယခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် ပြန်လည်စတင်ရန် နှစ်ဖက်အဆင်ပြေမည့်ရက်များ ညှိနှိုင်းနေကြောင်း သိရှိရပါသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀.၃၆ ဘီလီယံမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂၁.၃၄ ဘီလီယံအထိ တိုးမြင့်လာခဲ့သည်။ အိန္ဒိယသည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်နှင့်စပ်လျဉ်း၍ ဗြိတိန်နှင့် ၁၃ ကြိမ်အထိ ဆွေးနွေးထားပြီး ၁၄ ကြိမ်မြောက် ဆွေးနွေးပွဲမှာ နှစ်ဖက်ရွေးကောက်ပွဲများကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်ပါသည်။ အိန္ဒိယသည် ဗြိတိန်နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးသဘောတူညီချက်နှင့် ပထဝီဝင်ဆိုင်ရာ ညွှန်ပြမှုများ (GIs) ဆိုင်ရာ သဘောတူညီချက်တို့ကို ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
အိန္ဒိယသည် ဥရောပသမဂ္ဂ(EU)နှင့်လည်း လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ညှိနှိုင်းနေပြီး ကွဲပြားမှုများကြောင့် ညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် ခေတ္တဆိုင်းငံ့ကာ ၂၀၂၂ ခုနှစ်၊ ဇွန်လမှ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနှင့် အီးယူသည် ၉ ကြိမ်မြောက်အထိ ညှိနှိုင်းခဲ့ပြီး ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရဝယ်ယူရေး၊ အပင်၊ လူနှင့်တိရိစ္ဆာန် ကျန်းမာရေး (SPS) နှင့် ကုန်သွယ်မှုဆိုင်ရာ နည်းပညာဆိုင်ရာ အတားအဆီးများ (TBT)ကို ဆွေးနွေးခဲ့ကြပါသည်။ ၁၀ ကြိမ်မြောက် ဆွေးနွေးပွဲကို မတ်လ ၁၀ ရက်မှ ၁၄ ရက်အထိ ဘရပ်ဆဲလ်၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း အိန္ဒိယ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယ - အီးယူ စုစုပေါင်းကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော်ခဲ့ပြီး အိန္ဒိယမှ ကုန်စည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၇၅.၁၈ ဘီလီယံနှင့် ဝန်ဆောင်မှုတင်ပို့မှု ကန်ဒေါ်လာ ၃၁.၁၃ ဘီလီယံ ရှိခဲ့ကြောင်း၊ အီးယူမှ အိန္ဒိယသို့ ကုန်စည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၃.၄၄ ဘီလီယံနှင့် ဝန်ဆောင်မှု အမေရိကန်ဒေါ်လာ ၃၁.၃၅ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။
ထို့ပြင် အိန္ဒိယသည် အာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် ရုရှားတို့ပါဝင်သည့် ယူရေးရှန်းစီးပွားရေးသမဂ္ဂ Eurasian Economic Union (EEU)နှင့်လည်း လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် အပြီးသတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်များတွင် နှစ်နိုင်ငံနှင့်အထက် ကုန်သွယ်ဘက်နိုင်ငံများက အကောက်ခွန် ဖယ်ရှားခြင်း သို့မဟုတ် လျှော့ချခြင်းများ ဆောင်ရွက်ကြရာ အိန္ဒိယကုန်စည်များသည် ဈေးကွက် ပိုမိုဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ ယူရေးရှန်း စီးပွားရေးသမဂ္ဂအတွင်း ရုရှားသည် အိန္ဒိယနှင့် ကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ရေနံစိမ်းတိုးမြှင့်တင်သွင်းမှုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အိန္ဒိယမှ ရုရှားသို့ ပို့ကုန် ၄.၂၆ ဘီလီယံနှင့် သွင်းကုန် ၆၁.၄၃ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။
အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ညှိနှိုင်းမှုများတွင် တိုးတက်မှုများရှိသော်လည်း ကုန်စည်ပိုင်းတွင် ကွဲပြားမှုများရှိသေးကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစ၍ အင်ဒိုနီးရှားနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟု အိန္ဒိယ၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၏ တွဲဖက်အတွင်းဝန်က ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.business-standard.com