မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး ၁/၂၀၂၅ သို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီလ ၇ ရက်
  မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၁/၂၀၂၅ ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
  အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌက မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီကို မူပိုင်ခွင့် ဥပဒေ ၄ ရပ်ပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊  မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီနည်းဥပဒေ ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်၍ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီနည်းဥပဒေ ၁၀ အရ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီသည် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဦးစီးဌာနအကြား ကြားခံဆက်သွယ် ညှိနှိုင်း ပေါင်းစပ်ပေးရမည့်အဖွဲ့ ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်သည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ၏ အဓိကလုပ်ငန်းစဉ်တစ်ခုသည် အယူခံမှုများကို အဆုံးအဖြတ်ပြုနိုင်ရန် ဖြစ်ပါကြောင်း၊ အယူခံမှုများရှိလာသောအခါ ဆောင်ရွက်ရန်လိုအပ်သော အယူခံစစ်ဆေးရေးလုပ်ငန်းအဖွဲ့များကို မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီက တာဝန်ပေးအပ်သော လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များ၊ အေဂျင်စီကဆောင်ရွက်ရမည့် လုပ်ငန်းများကို အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း  ပြောကြားခဲ့ပါသည်။      
 ထို့နောက် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အတွင်း‌‌ရေးမှူးဖြစ်သည့် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် အမှာစာများတင်ပြခဲ့ကာ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး   မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ၁၂:၀၀ နာရီတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။