မိတ္ထီလာခရိုင်တွင် ပဲစင်းငုံသီးနှံများ ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည့် ပဲစင်းငုံသီးနှံကို မိတ္ထီလာမြို့နယ်တွင် ၃၆,၃၄၆ ဧက၊ မလှိုင်မြို့နယ်တွင် ၆၉,၅၀၄ ဧက၊ သာစည်မြို့နယ်တွင် ၂,၁၅၆ ဧက၊ ဝမ်းတွင်းမြို့နယ် တွင် ၆၅၇ ဧက၊ စုစုပေါင်း ၁၀၈,၆၆၃ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပဲစင်းငုံသီးနှံကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုး၍ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းရပြီး ရွှေဒင်္ဂါးပဲစင်းငုံမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ် စိုက်ပျိုးမှုဟူ၍ရှိပြီး ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၈၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇-၈ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ မိတ္ထီလာမြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ထို့မှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA (မန္တလေး)