ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်း အောင်မြင်စွာ ခင်းကျင်းပြသ နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၂၃   ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြုပြခန်း အောင်မြင်စွာခင်းကျင်းပြသနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်း အဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားသည်။

အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပ ပြုလုပ်ခြင်းသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ရှင်သန် အားကောင်းလာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် အလွန်အရေးပါသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းနယ်ပယ်အလိုက်ထွက်ရှိသည့် ထုတ်ကုန်များ၊ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည့် ကုန်စည်များအား ပြည်တွင်းစားသုံးမှုဖူလုံစွာ ထုတ်လုပ်ခြင်းအပြင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရန်၊ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရန်၊ ဈေးကွက်သစ်ရရှိရေးနှင့် ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ပြခန်းအား ခမ်းနားထည်ဝါစည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသနိုင်ရေး အသေးစိတ်ဆောင်ရွက်ရန် သတ်မှတ်ထားသည့်အချိန်အတွင်း ပြင်ဆင်မှုများ အား ပြီးစီးအောင်ဆောင်ရွက်ရန်၊ အများပြည်သူစိတ်ဝင်စားမှုရှိအောင်နှင့် MSMEs လုပ်ငန်းရှင်များ အတွက် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်အောင် ခင်းကျင်းပြသသွားရန်တို့ကို ပြောကြားသည်။

              ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ကော်မတီများအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ထားမည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။ 

              ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ၌ ဝန်ကြီးဌာနကိုယ်စားပြု ပြခန်းဆောင်တည်ဆောက်ခြင်းနှင့် ခင်းကျင်းပြသမှုအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးသည်။ 

              အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။