မုံရွာမြို့နယ်အတွင်း ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ

     စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး  ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးနှံကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

       ရုံးပတီသီးနှံကို စတင်စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဟူ၍ရှိပြီး ပင်မြင့်ရုံးပတီမျိုးများကို အများဆုံး စိုက်ပျိုးလျက်ရှိရာ တစ်ဧက လျှင် မျိုးစေ့ ၁၂ ထုပ်ခန့် ကုန်ကျကြောင်း၊ မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး သက်တမ်းအနေဖြင့် ၂ လခန့်အထိခူးဆွတ်ရကြောင်း၊ မြေအမျိုးအစား၊ သီးနှံအောင်မြင်ဖြစ်ထွန်းမှုနှင့် သွင်းအားစု သုံးစွဲမှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီးဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အမြတ်ပိုမိုရရှိကြောင်း တောင်သူ တစ်ဦးထံမှ သိရသည်။

DOCA (စစ်ကိုင်း)