စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကုန်အမှတ်တံဆိပ်စစ်ဆေးရေးအရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇန်နဝါရီ ၂၁
ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၀၈:၀၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်၊ အာဆီယံ-ဂျပန်စင်တာမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြပြီး ဖိလစ်ပိုင်နိုင်ငံ၊ မူပိုင်ခွင့်ရုံးမှ ကျွမ်းကျင်ပညာရှင် Ms. Marites Quilang Salviejo နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကုန်အမှတ်တံဆိပ်စစ်ဆေးရေးအရာရှိများက In-person တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက ကုန်အမှတ်တံဆိပ်စစ်ဆေးရေးအရာရှိများ၏ စစ်ဆေးနိုင်မှု စွမ်း ဆောင်ရည်ကို အထောက်အပံ့ဖြစ်စေရန်နှင့် ယုံကြည်စိတ်ချရသော စစ်ဆေးမှုရလဒ်များ ထုတ်ပြန် နိုင်စေခြင်းတို့ဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အာဆီယံ-ဂျပန်စင်တာ၏ ရန်ပုံငွေဖြင့် “ကုန်အမှတ် တံဆိပ် စစ်ဆေးရေးအရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်း” (Project on the capacity building for the trademark examiners) အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများကို ၂၀၂၃ ခုနှစ် မှ ၂၀၂၈ ခုနှစ်အထိ ၅ နှစ် စီမံကိန်းချမှတ်ပြီး အဆိုပါမဟာဗျူဟာပါ လုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ဆေးရေးအရာရှိများအတွက် စစ်ဆေးနိုင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြင့် လူ့စွမ်းအားအရင်း အမြစ်ပြုစုပျိုးထောင်ခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေခြင်းကို အထောက် အပံ့ဖြစ်စေခြင်း၊ ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ၏ စစ်ဆေးနိုင်မှုစွမ်းဆောင်ရည်ကို အထောက်အပံ့ဖြစ်စေနိုင်ခြင်း၊ မှန်ကန်မြန်ဆန်သော စစ်ဆေးမှုရလဒ်များ ရရှိစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်စင်တာမှ Ms. Deborah Nicole Danker တို့က အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမူပိုင်ခွင့်ရုံး၊ မူပိုင်ခွင့်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၁-၁-၂၀၂၅ ရက်နေ့ မှ ၂၄-၁-၂၀၂၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများ ၅၀ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။