ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် မသေချာမရေရာမှုများကြောင့် ကျဆင်းနေဦးမည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက သတိပေး
ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာ World Economic Situation and Prospects (WESP) က ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်က အတိုင်း ၂.၈ % ၌ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားပါသည်။ နိုင်ငံများစွာ၌ ငွေကြေးဖောင်းပွမှု ကျဆင်းနေခြင်းနှင့် ဆက်တိုက်ငွေကြေးဖြေလျှော့မှုများက ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများအား အနည်းငယ်မြှင့်တင်ပေးနိုင်သော်လည်း ကမ္ဘာအနှံ့ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး ပဋိပက္ခများ၊ ကုန်သွယ်ရေးတင်းမာမှုများနှင့် ချေးငွေဆိုင်ရာ ကုန်ကျစရိတ်များကြောင့် စွန့်စားရမှုများနှင့် မသေချာမှုများလည်း ရှိနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။
အမေရိကန်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၂.၈ % မှ ၂၀၂၅ ခုနှစ်တွင် ၁.၉ % သို့ လည်းကောင်း၊ ဥရောပ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၀.၉ % မှ ၂၀၂၅ ခုနှစ်တွင် ၁.၃ % သို့ လည်းကောင်း ရောက်ရှိမည်ဖြစ်ကြောင်း၊၂၀၂၅ ခုနှစ်တွင် အရှေ့အာရှသည် တရုတ်၏တည်ငြိမ်သောတိုးတက်မှုကြောင့် စီးပွားရေး တိုးတက်မှုနှုန်း ၄.၇ % ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ တောင်အာရှသည် အိန္ဒိယ၏ ခိုင်မာအားကောင်းသော GDP တိုးတက်မှုနှုန်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်း ၅.၇ % ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အာဖရိကသည် အီဂျစ်၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိကစသည့် အဓိကနိုင်ငံများ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ၃.၄ % မှ ၂၀၂၅ ခုနှစ်တွင် ၃.၇% ထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့ကုန်သွယ်မှုသည် အာရှထုတ်ကုန်ပစ္စည်းများ တင်ပို့မှုတိုးမြင့်လာခြင်းနှင့်အားကောင်းသော ဝန်ဆောင်မှု ကုန်သွယ်မှုတို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ၃ .၄ % ဖြင့် တကျော့ပြန်လာခဲ့သကဲ့သို့ ၂၀၂၅ ခုနှစ်တွင်လည်း ၃.၂ % တိုးတက်မည်ဟု မျှော်လင့်ရသည်။ ကမ္ဘာ့ငွေကြေးဖောင်းပွမှုသည် ၂၀၂၄ ခုနှစ်တွင် ၄ % မှ ၂၀၂၅ ခုနှစ်တွင် ၃.၄% သို့ ကျဆင်းရန် ခန့်မှန်းထားပြီး အဓိကဗဟိုဘဏ်များသည် ၂၀၂၅ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုဖိအားများ ဆက်လက်လျော့ပါးစေရန် အတိုးနှုန်း ထပ်မံလျော့ချမည်ဟု မျှော်လင့်ရပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ငွေကြေးဖောင်းပွမှုသည် ပျမ်းမျှအထက်တွင် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရပြီး ၅ နိုင်ငံလျှင် ၁ နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု ဆယ်ဂဏန်း (Double Digit) ရရှိမည်ဟု ခန့်မှန်းထားသည်။
ဝင်ငွေနည်းပါးသော နိုင်ငံအများစုသည် မြင့်မားသောကြွေးမြီဝန်ထုပ်ဝန်ပိုးများရှိပြီး နိုင်ငံတကာထောက်ပံ့ငွေရရှိရေး အကန့်အသတ်ဖြင့် ဆက်လက်ရုန်းကန်နေရသည်။ အစိုးရများအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်ရန် အထူးသဖြင့် အရေးကြီးသော လူမှုကဏ္ဍများတွင် ဆောင်ရွက်ရန် အစီရင်ခံစာက အလေးပေးဖော်ပြထားသည်။
ကမ္ဘာ့ငွေကြေးဖောင်းပွမှု လျော့ကျသွားသော်လည်း၊ ၂၀၂၄ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထက်ဝက်နီးပါး၏ စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုမှာ ၅ % အထက် ရှိနေသဖြင့် ဝင်ငွေနည်းနိုင်ငံများ၌ စားနပ်ရိက္ခာ မလုံလောက်မှုပိုမိုဆိုးဝါးလာစေပြီး လွန်ကဲသောရာသီဥတုအခြေအနေများ၊ ပဋိပက္ခများ၊ စီးပွားရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည်။ စားသောက်ကုန်ဈေးနှုန်း ကြာရှည်ကြီးမြင့်နေခြင်းနှင့်အတူ စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းတို့က လူသန်းပေါင်းများစွာကို ပိုမိုဆင်းရဲတွင်းသို့ တွန်းပို့နိုင်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။
အစီရင်ခံစာက လစ်သီယမ်၊ ကိုဘော့နှင့် ရှားပါးမြေဒြပ်စင်များသည် နိုင်ငံအများအပြားအတွက် စွမ်းအင်ကူးပြောင်းမှုအပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆီသို့ အရှိန်မြှင့်ရန်အတွက်လည်း အရေးပါကြောင်း၊ အဆိုပါအခွင့် အလမ်းများတွင် သိသာသောအန္တရာယ်များလည်းရှိကြောင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊ အန္တရာယ်မကင်းသော အလုပ်သမားစည်းမျဉ်းများ၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုနှင့် မတည်ငြိမ်သော ကုန်စည်ဈေးကွက်များအပေါ် မှီခိုမှုလွန်ကဲခြင်းသည် မညီမျှမှုများနှင့် ဂေဟစနစ်ကိုထိခိုက်စေနိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကိုထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားပါသည်။
ကုလသမဂ္ဂ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် Li Junhua က အရေးကြီး သတ္တု တွင်းထွက်များသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်ရန် အလားအလာကောင်းများရှိသော်လည်း တာဝန်ခံမှုအပြည့်ဖြင့် စီမံခန့်ခွဲရန်လိုကြောင်း၊ အစိုးရများက အနာဂတ်မူဝါဒများချမှတ်ရာတွင် ရေရှည်တည်တံ့သော သယံဇာတထုတ်ယူမှု၊ သာတူညီမျှ အကျိုးအမြတ်ခွဲဝေမှုနှင့် ထုတ်လုပ်မှုစွမ်းရည်များ တည်ဆောက်နိုင်ရေး ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူး အမြင့်ဆုံးရရှိစေမည့် အရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
အစိုးရများအနေဖြင့် အလွန်အမင်း တင်းကျပ်သော ဘဏ္ဍာရေးမူဝါဒများကို ရှောင်ရှားပြီး သန့်ရှင်းသောစွမ်းအင်၊အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အရေးကြီးသော လူမှုရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အာရုံစိုက်သင့်ကြောင်း၊ အရေးကြီးသော သတ္တုတွင်းထွက်များနှင့် ဆက်စပ်နေသော သဘာဝပတ်ဝန်းကျင်ဆိုင် ရာ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်များကို စီမံခန့်ခွဲရန် ပိုမိုခိုင်မာသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အဆိုပါအရင်းအမြစ်များကို တာဝန်သိသိနှင့် မျှမျှတတ အသုံးချနိုင်စေရန် တပြေးညီဖြစ်သော ရေရှည်တည်တံ့မှုစံနှုန်းများ၊ မျှတသောကုန်သွယ်မှုနည်းလမ်းများနှင့် နည်းပညာလွှဲပြောင်းမှုများ လိုအပ်ကြောင်း အစီရင်ခံစာက တောင်းဆိုထားပါသည်။
ရင်းမြစ်: https://www.un.org/en/desa/global-growth-remain-subdued-amid-lingering-