၂၀၂၅ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုရည်မှန်းချက်ကို တန်ချိန် ၇.၅ သန်း သတ်မှတ်ထား
၂၀၂၅ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ရည်မှန်းချက်ကို ယခုနှစ် ရည်မှန်းချက် တန်ချိန် ၁၀ သန်း ထက်လျော့၍ ၇.၅ သန်း သတ်မှတ်ထားကြောင်း ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရှိရပါသည်။ ထိုင်း၊ နိုင်ငံခြားကုန်သွယ်မှုဌာန၊ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က ယခုနှစ် ၁၁ လအတွင်း ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ကထက် ၁၄ % မြင့်တက်ခဲ့ကာ တန်ချိန် ၉.၂၇ သန်းရှိသဖြင့် တန်ချိန် ၁၀ သန်းအထိ တင်ပို့နိုင်ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရရှိမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု တိုးတက်လာခြင်းသည် တင်သွင်းသည့်နိုင်ငံများ၏ ခရစ်စမတ်၊ နှစ်သစ်ကူးနှင့် တရုတ်နှစ်ကူးတို့အတွက် ဝယ်လိုအားကြောင့်ဖြစ်ပြီး ထိုင်းသည် ကမ္ဘာ့ဈေးကွက် ဝယ်လိုအားကို ပြည့်မီအောင် ဆန်ထုတ်လုပ်နိုင်သည့် ပို့ကုန်စွမ်းရည်ရှိကြောင်း၊ ယခုနှစ် ဆန်ပို့ကုန်ပမာဏ တန်ချိန် ၁၀ သန်း အထိ ရှိနိုင်သဖြင့် ရွှေနှစ်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်ထက် ဆန်ပို့ကုန်ပမာဏ တိုးမြင့်လာသည့်အပြင် ဆန်ဈေးနှုန်း လည်း မြင့်တက်ခဲ့ကြောင်း၊ ပျမ်းမျှအားဖြင့် ထိုင်းဟုန်မာလီဆန်သည် ၇.၅၉ %၊ ပသွန်သာနီဆန် သည် ၂၄.၆ %၊ ဆန်ဖြူသည် ၁၁.၇ %၊ ပြုတ်ဆန်သည် ၁၀.၉ % နှင့် ကောက်ညှင်းဆန်သည် ၀.၆၂ % မြင့်တက်ခဲ့ကြောင်း၊ အဓိကတင်ပို့သည့် ဈေးကွက်များမှာ အင်ဒိုနီးရှား၊ အီရတ်၊ တောင်အာဖရိက၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က အိန္ဒိယမှ ဆန်ဖြူတင်ပို့မှု ပြန်လည်စတင်နေခြင်းကြောင့် ထိုင်းနိုင်ငံသည် လာမည့်နှစ်တွင် ဆန်ပို့ကုန်ရည်မှန်းချက်ကို လျှော့ချမည်ဖြစ်ကြောင်း၊ အိန္ဒိယ သည် ဆန်တင်ပို့မှုကို ယာယီတားမြစ်ပြီးနောက် ဆန်ထုတ်လုပ်မှုစွမ်းရည်နှင့် သိုလှောင်မှု သိသိသာသာ မြင့်မားနေကြောင်း၊ မိုးခေါင်ရေရှားမှု လျော့ပါးသက်သာစေရန်နှင့် စိုက်ပျိုးရေး ပိုမိုရရှိရန် ဆောင်ရွက်ချက်များကြောင့် ကမ္ဘာ့ဆန်ထုတ်လုပ်မှုလည်း တိုးတက်လာနိုင်ကာ ကမ္ဘာ့ ဆန်ဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
လာမည့်နှစ်တွင် ဆန်တင်ပို့မှုတိုးမြှင့်နိုင်ရေး ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာနသည် အဓိက ကုန်သွယ်ဘက်နိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းရန်နှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပမာ ယခုနှစ်တွင် ဆန်တင်ပို့မှုပမာဏ ၁၂ % ကျဆင်းခဲ့ သည့် တောင်အာဖရိကနှင့် ဈေးကွက်ချဲ့ထွင်ရေး၊ ထိုင်းစံပယ်ရနံ့ဆန်ကို ပိုမိုနှစ်သက်သော အမေရိကန်ရှိ စပိန်လူမျိုးများအတွက် ထိုင်း ဟုန်မာလီဆန် ဈေးကွက်ချဲ့ထွင်ရေး၊ ပစ်မှတ် ဈေးကွက်များဖြစ်သော ကနေဒါ၊ ဖိလစ်ပိုင်တို့နှင့် အစိုးရခြင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ အင်ဒိုနီးရှား၊ တရုတ်တို့နှင့် ဆန်ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်ရေးတို့ကို ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ဆန်ဖြူတင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ၆၂ %၊ တန်ချိန်၅.၁၈ သန်း ဖြင့် ဦးဆောင်နေပြီး ထိုင်းဟုန်မာလီ ဆန်တင်ပို့မှုသည် ၁.၃၇ သန်း၊ ပြုတ်ဆန်တင်ပို့မှုသည် ၁.၀၁ သန်း၊ ထိုင်းဆင်မွှေးတင်ပို့မှုသည် ၀.၅၄ သန်း၊ ကောက်ညှင်းဆန် တင်ပို့မှုသည် ၀.၂၃ သန်းနှင့် ဆန်လုံးညို တင်ပို့မှုသည် ၀.၀၂ သန်း မက်ထရစ်တန်တို့ အသီးသီးတို့ဖြစ်ကြောင်း သိရှိရပါသည်။
ရင်းမြစ်။
Bangkok Post