ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖြစ်ပေါ်တိုးတက်မှုများကို ဒုတိယညွှန်ကြားရေးမှူးချုပ် Ellard မှ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြောကြားခဲ့

ပီရူးနိုင်ငံ ၊ လီမာမြို့တွင် ကျင်းပနေသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ဝန်ကြီးအဆင့်အစည်းအဝေး၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ellard မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညှိနှိုင်းဆွေးနွေးမှုများနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဦးစားပေးခေါင်းစဉ် များဖြစ်သည့် ငါးလုပ်ငန်းအပေါ်အထောက်အပံ့ပေးမှု၊ အငြင်းပွားမှုဖြေရှင်းရေးကို ပြုပြင်ပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး စသည့်ဆွေးနွေးမှုများ၌ ဖြစ်ပေါ်တိုးတက်မှုများနှင့်  ကုန်သွယ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု အပြောင်းအလဲတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများကို ဝန်ကြီးများအား တင်ပြခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ဒုတိယညွှန်ကြားရေးမှူးချုပ် Ellard ၏ မိန့်ခွန်းမှ အဓိကအချက်များကို အောက်ပါအတိုင်းကောက်နုတ်တင်ပြအပ်ပါသည်-

         (က)    အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများ စီးပွားရေးအရှိန်အဟုန်ဖြင့် တိုးတက်လာမှုသည် စည်းမျဉ်းအခြေခံသည့် နိုင်ငံစုံကုန်သွယ်မှုစနစ်ကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့အပေါ် APEC နိုင်ငံများ၏ ယုံကြည်မှုကို ကျေးဇူးတင်ကြောင်း၊ လက်ရှိနှင့် အနာဂတ်ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သည် ဆက်လက် ကြံကြံခံရပ်တည်ရမည်ဖြစ်ကြောင်း၊ 

(ခ)     ဂျီနီဗာရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အဖွဲ့ဝင်နိုင်ငံများသည် ရလဒ်များထွက်ပေါ်စေရန် ညှိနှိုင်းဆွေးနွေးမှုများကို လုံ့လစိုက်ဆောင်ရွက်လျှက်ရှိရာ ဦးစွာ ဒုတိယအကျော့ ငါးလုပ်ငန်း အပေါ် အထောက်အပံ့ပေးမှုညှိနှိုင်းမှုများတွင် ကွဲပြားလျှက်ရှိသော ရပ်တည်ချက်များမှ အဆင့်မြင့်မားသော သဘောတူညီချက်မူကြမ်း  (TN/RL/W/279)   ထွက်ပေါ်လာခဲ့ ကြောင်း၊ အဖွဲ့ဝင်များသည်ယခုနှစ်ကုန်တွင် ညှိနှိုင်းမှုကို အဆုံးသတ်နိုင်ရန် မျှော်လင့် ကြောင်း၊ အမှန်တကယ် နိုင်ငံရေးအရ လိုက်ပါဆောင်ရွက်လိုစိတ်ရှိပါက ဒီဇင်ဘာ တွင် အောင်မြင်မှု ရရှိမှာဖြစ်ကြောင်း၊

(ဂ)    ဒုတိယအနေဖြင့် ၁၂ ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံ၌ သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးခြင်းဆိုင်ရာ သဘောတူညီချက် စတင်အသက် ဝင်ရေးဖြစ်ပြီး အဖွဲ့ဝင် ၁၁၁ နိုင်ငံမှ ထောက်ခံရန် လိုအပ်ရာ လက်ရှိတွင် ၈၇ နိုင်ငံမှ ထောက်ခံထားပြီး ၂၄ နိုင်ငံ ကျန်ရှိနေသဖြင့် ဆောလျင်စွာ ထောက်ခံပေးကြရန်နှင့် ထောက်ခံသော ဖွံ့ဖြိုးဆဲနိုင်ငံများအား သဘောတူညီချက် စတင်အသက်ဝင်ပါက အကူအညီများ ပေးအပ်ရန် ရန်ပုံငွေရှိကြောင်းနှင့် အဆိုပါရန်ပုံငွေတွင် ထည့်ဝင်သော APEC အဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ကြောင်း ၊ 

(ဃ)   တတိယအနေဖြင့် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ၂၀၂၄ ခုနှစ်အကုန်တွင် အပြီးသတ်ရန် ဝန်ကြီးများက သတ်မှတ်ထားရာ ညှိနှိုင်းမှုကို ဦးဆောင် နေသည့် မောရစ်ရှသံအမတ်ကြီးအပါအဝင် ပညာရှင် ၆ ဦး တို့သည် “အယူခံဝင်ခြင်း/ ပြန်လည်သုံးသပ်ခြင်း” နှင့် “ စနစ်ကိုအသုံးပြုနိုင်ခြင်း” စသည့် ကိစ္စများကို ဆွေးနွေးနေကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အယူခံရုံးရပ်တန့်နေသဖြင့် လက်ရှိတွင် အငြင်းပွားမှု ၆ ခု ၊ ညှိနှိုင်းဆွေးနွေးမှု ၁၂ ခု၊ ဆိုင်းငံ့အမှု  ၃၀ကျော်ရှိကြောင်း ၊

(င)    စတုတ္ထအနေဖြင့် လယ်ယာကဏ္ဍတွင် ဘရာဇီးမှဦးဆောင်ဆွေးနွေးနေသည့် ၁၄ ကြိမ်မြောက်ဝန်ကြီးအဆင့်ညီလာခံအတွက် လမ်းညွှန်ချက်နှင့် အချိန်ဇယားသတ်မှတ်ရန်ကိစ္စသည် အဖွဲ့ဝင်များအကြား ကွာဟမှုရှိနေသေးကြောင်း၊ 

(စ)     ပဉ္စမအနေဖြင့် အဖွဲ့ဝင် ၁၂၆ နိုင်ငံပါဝင်ထားသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး သဘောတူညီချက် (IFD)အား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏  စည်းမျဉ်းစာအုပ်တွင် ထည့်သွင်းရန်ဖြစ်ကြောင်း ၊ အဆိုပါသဘောတူညီချက် ထွက်ပေါ်ရန် ကြိုးပမ်းခဲ့သော APEC အဖွဲ့ဝင်များဖြစ်သည့် ချီလီနှင့် တောင်ကိုရီးယား တို့အား ကျေးဇူးတင်ပါကြောင်း၊

(ဆဋ္ဌမအနေဖြင့် APEC အဖွဲ့ဝင်နိုင်ငံ အများစုပါဝင်သည့် အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ၏ သဘောတူညီချက်မူကြမ်းအား ဇူလိုင်လက ထုတ်ပြန်နိုင်ပြီဖြစ်ကြောင်း၊ အဆိုပါသဘောတူညီချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ မူဘောင်အတွင်း ထည့်သွင်းရန် အဆင့်မြင့်ကိုယ်စားလှယ်များ၏ ပါဝင်ဆွေးနွေးမှု လိုအပ်ကြောင်း၊ အဆိုပါ သဘောတူညီချက်သည်     ဒီဂျစ်တယ်ကုန်သွယ်မှု တိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း ၊ ထို့ပြင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်ကိုလည်း နောင်ဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ အပြီးသတ်ရန်နှင့် အကောက်ခွန်ကောက်ခံခြင်း ကိစ္စများကို ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း၊

()     နောက်ဆုံးအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ကုန်သွယ်မှုနှင့် ပတ်ဝန်းကျင်၊ ရာသီဥတု ပြောင်းလဲမှု၊ ရေရှည်တည်တံ့သော စွမ်းအင်အကူးအပြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု တို့ကိုလည်း ဆွေးနွေးလျက်ရှိပြီး အဖွဲ့ဝင်များ၏ လိုက်ပါဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကုန်စည်များအပေါ် ပြည်တွင်း မူဝါဒများနှင့် ကာဗွန်လျော့ချရေး စံချိန်စံညွှန်းများကို အတွင်းရေးမှူးအဖွဲ့က စောင့်ကြည့်လျက်ရှိကြောင်း၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း COP29 ကဲ့သို့ အခမ်းအနားများ ကျင်းပလျက် ရှိကြောင်း၊

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Ellard က နိုင်ငံစုံကုန်သွယ်ရေးစနစ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ တောင့်တင်းခိုင်မာရေး၊ ရှိရင်းစွဲညှိနှိုင်းမှုများရှေ့ဆက်ရေးအတွက် APEC ဝန်ကြီးများ၏ ခေါင်းဆောင်မှုမရှိမဖြစ်လိုအပ်ကြောင်းနှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အနေဖြင့် ထိရောက်စွာဖြေရှင်းနိုင်ရေးမှာ အလိုအလျောက်ဖြစ်လာမည်မဟုတ်ပဲ ကိုယ်တိုင်ပုံဖော်ရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်၊၊

ရင်းမြစ်။       ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့