ပခုက္ကူမြို့နယ်တွင် ဘူးသီးသီးနှံစိုက်တောင်သူများ ဈေးကောင်းရ၍ အကျိုးအမြတ်ရ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ဘူးသီးသီးနှံကို  ဘောလုံးခုံ၊ လိပ်ကုန်း၊ ဘွက်ကုန်း၊ သင်္ဘောကုန်း၊ ညောင်လှ၊ သံပုရာပင်ကုန်း၊ ကျွန်းဦးနှင့် ကျွန်းညိုကျေးရွာတို့တွင် ဧက ၄၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရ သည်။

          ဘူးပင်ကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးကြပြီး ရက်ပေါင်း ၈၀ အကြာတွင် ခူးဆွတ်ရကြောင်း၊ ဘူးပင်စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဘူးသပိတ်နှင့် ဘူးလည်ရှည်များကို အများဆုံး စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ရေဝပ်မြေကို ကြိုက်နှစ်သက်ခြင်းမရှိ၍ စိုက်ဘောင်ဖြင့် ရေသွင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် ငွေကျပ် ၁၅ သိန်းအထိ ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧက လျှင် ဘူးသီး အလုံးရေ ၅,၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အလုံးအရွယ်အစားအပေါ် မူတည်၍ ဘူးသီးတစ်လုံးလျှင် လက်ကားဈေးနှုန်း ၁,၀၀၀ ကျပ်နှင့် လက်လီဈေးနှုန်း ၁,၅၀၀-၂,၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ ကျော် ရရှိသည်။ 

          ဈေးကွက်အနေဖြင့် စိုက်ခင်းထွက် ဘူးသီးများကို မကွေးမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် ဘူးသီးဈေးနှုန်းကောင်းမွန်လျက်ရှိပြီး ဘူးသီးအပြင် ဘူးအညွန့်များ ကိုပါ ရောင်းချရသောကြောင့် တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိ၍ အကျိုးအမြတ်ရရှိကာ အဆင် ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)