မြို့သစ်မြို့နယ်၌ ကုလားပဲသီးနှံများ စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဖန်ခါးပင်၊ စစ်တလင်း၊ ကွင်းကျေးရွာများ တွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့် သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကိုလည်း ဧက ၁၅၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ကုလားပဲသီးနှံကို အောက်တိုဘာလ၊ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ပထမပတ်တွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ကုလားပဲ(ဟော်လန်)မျိုးနှင့် ကုလားပဲ(929) မျိုးများကို တစ်ဧကလျှင် မျိုးစေ့ ၁၂ ပြည်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထွန်ကြောင်း ဆွဲကာ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၇၀၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧက လျှင် ကုလားပဲ ၁၂-၁၆ တင်းခန့်ထွက်ရှိပြီး၊ ပဲတစ်တင်းလျှင် ငွေကျပ် ၇၈,၀၀၀-၈၂,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ဧကလျှင် ငွေကျပ် ၆၀၀,၀၀၀ ကျော် အမြတ်ရရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ၊ ဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်) တစ်တင်းလျှင် ငွေကျပ် ၉၅,၀၀၀-၉၆,၅၀၀ကျပ်၊ ကုလားပဲ(929) တစ်တင်းလျှင် ငွေကျပ် ၉၆,၀၀၀-၉၇,၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကုလားပဲသီးနှံထွက်ပေါ်သည့် ရာသီမဟုတ်သောကြောင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ကြောင်း၊ ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များမှလည်း ဝယ်ယူကြကြောင်း၊ ယခုအချိန်တွင် ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် သီးနှံအထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA(မကွေး)